အမြန်ဆုံး နှုန်းဖြင့် အင်အား တိုးချဲ့လာနေသည့် တရုတ်ရေတပ်

တရုတ်ရေတပ်သည် ကမ္ဘာပေါ်ရှိ မည်သည့် ရေတပ်မျှ လိုက်မမီနိုင်သော မြန်နှုန်းမျိုးဖြင့် အင်အား တိုးပွားလာနေကြောင်း သိရသည်။

အဓိက ပြိုင်ဘက် အမေရိကန်ကို မယှဉ်နိုင်သေးသည့်တိုင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့၏ ရေတပ်သည် အင်အား တိုးချဲ့ တည်ဆောက်မှုတွင် အမြန်ဆုံး ရေတပ်ဖွဲ့အဖြစ် ရပ်တည်နေကြောင်း Rand Corp၏ အကြီးတန်း သုတေသီ တင်မိုသီ ဟိသ်က မှတ်ချက်ပြုခဲ့သည်။

ယခုလ အစောပိုင်းတွင် တရုတ်ရေတပ်သည် တန်ချိန် ၁၃၀၀၀ ရှိ Type 055 ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘော နှစ်စင်းကို စတင် ရေချခဲ့သည်။ ယင်းတို့သည် အာရှတိုက်တွင် အကြီးဆုံး၊ ခေတ်အမီဆုံး၊ တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံး စစ်သင်္ဘောများလည်း ဖြစ်သည်။

“ဒီသင်္ဘောတွေက တည်ဆောက်ပုံ အရမ်းခေတ်မီတယ်။ ရေဒါနဲ့ ဖမ်းယူလို့ မရနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည်လည်း ပါတယ်။ ဒုံးကျည်တွေ အများကြီး သယ်ဆောင်နိုင်တယ်။ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့မှာ သုံးနေတဲ့ ဖျက်သင်္ဘော အများစုထက် ပိုလည်းကြီးတယ်။ ပိုလည်း စွမ်းဆောင်ရည် မြင့်ပါတယ်”ဟု ဟိသ်က ပြောကြားခဲ့သည်။

တရုတ်ရေတပ်၏ ထုတ်ပြန်ချက်အရ Type 055 များသည် လက်ရှိ အသုံးပြုနေသည့် Type 052D ဖျက်သင်္ဘောများထက် တိုက်ခိုက်ရေးစွမ်းရည် နှစ်ဆ ပိုမို မြင့်မားကြောင်း သိရသည်။ “ဒီသင်္ဘောတွေဟာ ရေတပ်မှာတော့ စွမ်းဆောင်ရည် အမြင့်ဆုံးနဲ့ အကြီးဆုံး ရေပြင်အထက် အသုံးပြု (ရေငုပ်သင်္ဘောမဟုတ်သည့်) စစ်ရေယာဉ်တွေ ဖြစ်ပါတယ်”ဟု ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့၏ ရေတပ်က ထုတ်ပြန်ထားသည်။

တရုတ်သည် သမ္မတ စီကျင်းပင် လက်ထက်တွင် ပစိဖိတ် သမုဒ္ဒရာ ဩဇာ လွှမ်းမိုးရေးနှင့် တောင်တရုတ်ပင်လယ် တစ်ခုလုံးကို စိုးမိုးထားနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်လာသည်။ ယင်းရည်မှန်းချက်နှင့်အတူ ရေတပ် အင်အားကိုလည်း သိသိသာသာ ချဲ့ထွင်လာခဲ့သည်။

“တရုတ်ရေတပ်ဟာ သူတို့ ခေါ်ဝေါ်တဲ့ ပင်လယ်ပြာ ရေတပ်ဖွဲ့ကြီးကို တည်ဆောက်ဖို့ လေးလေးနက်နက် လုပ်ဆောင်နေပါတယ်။ တိုးတက်မှုတွေလည်း လက်တွေ့ မြင်နေရပါတယ်။ တစ်ချိန်ချိန်မှာ သူတို့ဟာ အကြီးကျယ်ဆုံး ရေတပ်ကြီးကို ပိုင်ဆိုင်လာတော့မှာပါ”ဟု ဩစတြေးလျ ရေတပ် အရာရှိဟောင်း တစ်ဦးဖြစ်ပြီး အာရှ ရေတပ်အင်အားကို လေ့လာ ဆန်းစစ်နေသည့် ပီတာ လေတန်က သုံးသပ်ခဲ့သည်။

Type 055 များကို စတင် အသုံးပြုခြင်းသည် ပြိုင်ဘက် နိုင်ငံ အားလုံးအတွက် သတိပေး တပ်လှန့်မှု တစ်ခုလည်း ဖြစ်လာနိုင်သည်။ အာရှဒေသတွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန် စစ်သင်္ဘော အများစုနှင့် တောင်ကိုရီးယား ဖျက်သင်္ဘောများသည် တန်ချိန် ၁၀၀၀၀ ဝန်းကျင်မျှသာ ရှိကြောင်းလည်း သိရသည်။

Ref:CNN