နှစ် ၂၀ အကြာမှာ ဒုတိယမြောက် ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ ပြင်သစ်

ပြင်သစ် ၄-၂ ခရိုအေးရှား

၁၉၇၀ နောက်ပိုင်း ဂိုးအများဆုံး ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ဖြစ်ခဲ့တဲ့ ဒီပွဲစဉ်မှာ နှစ်သင်းပေါင်း သွင်းဂိုး ၆ ဂိုး သွင်းခဲ့ပြီး ဖျော်ဖြေမှု ပေးစွမ်းနိုင်ခဲ့ပါတယ်။  ပွဲချိန် ၁၈ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ ပြစ်ဒဏ်ဘော ကန်ချက် မန်ဇူကစ်နဲ့ ထိပြီး ဂိုးဝင်ခဲ့လို့ ပြင်သစ်အသင်း အဖွင့်ဂိုးရခဲ့ပေမယ့် နောက် ၁၀ မိနစ်အကြာမှာ ပါရီဆစ်က ဧရိယာထိပ် ကန်ချက်နဲ့ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ပွဲချိန် ၃၈ မိနစ်မှာ ဧရိယာအတွင်း ပါရီဆစ် လက်ထိခဲ့လို့ ခရိုအေးရှားအသင်း ပင်နယ်တီ ပေးရခဲ့ပြီး ဂရစ်ဇ်မန်းက ပြင်သစ်အတွက် ဒုတိယဂိုး သွင်းခဲ့ပါတယ်။ ၅၀-၅၀ အနေအထားမှာ ကွင်းလယ်ဒိုင်က ဗီဒီယိုနည်းပညာ အကူအညီရယူပြီး ပင်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခုပွဲမှာ မိုဒရစ်နဲ့ ရာကီတစ်ရဲ့ ကွင်းလယ်က ပြင်သစ်ကွင်းလယ်ကို မလွှမ်းမိုးနိုင်ခဲ့သလို ပြင်သစ်အသင်း ခံစစ်ပိုင်းကလည်း အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းရဲ့ ကန်ချက်တိုင်းနီးပါး ဂိုးဖြစ်ခဲ့တာလည်း ဒီပွဲအဖြေကို ဆုံးဖြတ်ပေးတဲ့ အချက်တစ်ချက် ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ ပေါ့ဘာက ဧရိယာထိပ်ကနေ ထပ်ဆင့်ကန်ချက်နဲ့ တတိယဂိုးသွင်းခဲ့ပြီး နောက် ၆ မိနစ်မှာ အမ်ဘာပေက ဧရိယာထိပ်ကနေ စတုတ္ထဂိုး သွင်းခဲ့ပါတယ်။ ပွဲချိန် ၆၉ မိနစ်မှာ ပြင်သစ်ဂိုးသမား ဟူဂိုလိုရစ် ဘောလုံးခေါက်ရာမှာ မန်ဇူကစ်နဲ့ထိပြီး ဂိုးဝင်ခဲ့လို့ ခရိုအေးရှားအသင်း ဒုတိယဂိုး ရခဲ့ပေမယ့် နောက်ပိုင်းမှာ ထိရောက်တဲ့ ထိုးဖောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။

၁၉၉၈ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပြင်သစ်ဟာ နှစ် ၂၀ အကြာမှာ ဒုတိယမြောက် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရွှေဘောလုံးဆု – မိုဒရစ်(ခရိုအေးရှား)

အကောင်းဆုံး လူငယ်ကစားသမားဆု – အမ်ဘာပေ(ပြင်သစ်)

ရွှေဖိနပ်ဆု – ဟာရီကိန်း(၆ ဂိုး)

ရွှေလက်အိတ်ဆု – ကော်တွိုက်စ်(ဘယ်လ်ဂျီယံ)

 

*ထူးခြားမှတ်တမ်းများ*

**အမ်ဘာပေကတော့ ၁၉၅၈ ခုနှစ်က ဘရာဇီး တိုက်စစ်မှူး ပီလီနောက်ပိုင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဆယ်ကျော်သက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

**ပြင်သစ်နည်းပြ ဒက်စ်ချမ့်ဟာ ကစားသမားအဖြစ်နဲ့ရော၊ နည်းပြအဖြစ်နဲ့ပါ ကမ္ဘာ့ဖလား ဗိုလ်စွဲခဲ့တဲ့ တတိယမြောက်(ဘရာဇီး ကစားသမား ဇာဂါလိုနဲ့ ဂျာမနီ ကစားသမား ဘက်ကင်ဘောင်ဝါတို့လည်း ကစားသမား ဘဝမှာရော၊ နည်းပြဘဝမှာပါ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့) ဖြစ်လာခဲ့ပါတယ်။

**ပြင်သစ်တိုက်စစ်မှူး ဂျရူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲချိန် ၅၄၆ မိနစ် ကစားခွင့်ရခဲ့ပေမယ့် သူ့ရဲ့ကန်ချက်တွေ ကတော့ တစ်ကြိမ်မှ ဂိုးပေါက် မတည့်ခဲ့ပါဘူး။  

Source: FIFA