ပေါင်သန်း ၉၀ ရှိပြီဖြစ်တဲ့ မိုဗစ်ခ်ျရဲ့ နည်းပြလျော်ကြေး
ချဲလ်ဆီးအသင်းဟာ အီတလီလူမျိုးနည်းပြကွန်တီကို ထုတ်ပယ်ဖို့အတွက် မနေ့တုန်းက လျော်ကြေးပေါင် ၉ သန်း နဲ့ သဘောတူညီမှု ရရှိပြီး တရားဝင် လမ်းခွဲနိုင်ခဲ့ပါတယ်။
ဒါဟာ ၂၀၀၃ ခုနှစ်က ချဲလ်ဆီးအသင်းကို ရုရှားဘီလျံနာအေဘရာမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက်ပိုင်းမှာ အသင်းနဲ့ လမ်းခွဲခဲ့ရတဲ့ ၉ ဦးမြောက် နည်းပြလည်းဖြစ်ခဲ့ကာ သူတို့အားလုံးအတွက် မိုဗစ်ခ်ျ ပေးချေခဲ့ရတဲ့ လျော်ကြေးက လည်း ပေါင်သန်း ၉၀ နီးပါးအထိ ရှိနေပြီလို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတွေထဲမှာ လျော်ကြေးအများဆုံးရခဲ့တာကတော့ မော်ရင်ဟို ဖြစ်ပြီး သူ့ကို ထုတ်ပယ်မှုအတွက် ပေါင် ၁၈ သန်းအထိ ပေးချေခဲ့ရတာပါ။ ပထမတစ်ကြိမ် ထုတ်ပယ်တုန်းကလည်း မော်ရင်ဟိုအတွက် လျော်ကြေး ပေါင် ၉.၅ သန်း ပေးချေခဲ့ရဖူးလို့ သူတစ်ဦးတည်းအတွက် ပေါင် ၂၇.၅ သန်း ကုန်ကျခဲ့ရပါတယ်။
တခြားနည်းပြတွေကတော့ ဒီမတ်တီယို ပေါင် ၁၀.၇ သန်း၊ ဗီလက်စ်ဘိုအာ ပေါင် ၁၂ သန်း၊ အန်ဆလော့တီ ပေါင် ၆ သန်း၊ စကိုလာရီ ပေါင် ၁၂.၆ သန်း၊ ဂရန့် ပေါင် ၅.၅ သန်း၊ ရာနီယာရီ ပေါင် ၆ သန်းတို့ဖြစ်ပြီး ကွန်တီနဲ့ပါ ပေါင်းလိုက်ရင် စုစုပေါင်း လျော်ကြေးပမာဏက ပေါင် ၈၉.၃ သန်းအထိ ရှိခဲ့တာပါ။
ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တွေထဲမှာတော့ ချဲလ်ဆီးရဲ့ အဲဒီစံချိန်ကို ဘယ်အသင်းကမှ လိုက်မီဦးမယ် မထင်ပါဘူး။
90Minutes