ပြည်ထဲရေးနှင့် လ၀က အရာရှိကြီးများကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်

ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေး မှူးချုပ် အဆင့်နှင့် အထက်အရာရှိကြီးများ ကို ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ပိတ် ပင်ရန် အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနက ဇူလိုင်  ၁၀ ရက်တွင်ထုတ်ပြန်ကြေညာသည်။

မြန်မာနှင့် လာအိုနိုင်ငံသည် အမေရိကန်ပြည်ထောင်စု မှ ပြည်နှင်ဒဏ်ပေးထားသည့် သက်ဆိုင်ရာ နိုင်ငံသားများ ကို  ပြန်လည်လက်ခံရန် ငြင်းဆိုခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများ ရှိနေကြောင်း အမိမြေလုံခြုံရေးဌာန ၀န်ကြီးက နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုထံ အမေရိကန်လူ ၀င်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား  ဥပဒေနှင့် အညီအသိ ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနှင့် လာအိုနိုင်ငံရှိ ကောင်စစ်ဝန်အရာရှိများကို  သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ခြင်းကို စတင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် မြန်မာနှင့် လာအိုနိုင်ငံက သင့်လျော်သည့် တုံ့ပြန် ဆောင်ရွက်မှုမရှိပါက ယခုကန့်သတ်အရေးယူမှုထက် ပိုမိုကျယ် ပြန့်လာ နိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းသီးခြားကန့်သတ်ပိတ် ဆို့မှုတွင် အထက်ပါဝန်ကြီးဌာန   နှစ်ခုမှ ညွှန်ကြားရေးမှူးချုပ်နှင့်  အထက်အရာရှိကြီး များ (၀န်ကြီး နှင့် ဒုဝန်ကြီး) ၎င်းတို့၏ မိသားစု  ၀င်များပါဝင်ပြီး အလုပ်သဘော  နှင့် အလည်အပတ်ဗီဇာ  (B1 and B2 nonimmigrant visas)များကို ဇူလိုင် ၉ ရက်က စတင်ကန့် သတ်ပိတ်ပင်ကြောင်း ထုတ်ပြန် ထားသည်။

အမေရိကန် အမိမြေလုံခြုံ ရေးဌာနသည် အထက်ပါ ကန့်သတ်ပိတ်ဆို့ အရေးယူခြင်းကို အလွယ်တကူ ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပြည်နှင်ဒဏ်ပေးခံထား ရသူများကို သက်ဆိုင်ရာနိုင်ငံများက ဥပဒေနှင့်အညီ ပြန်လည် လက်ခံရေး သံတမန်ဆက်ဆံ ရေးအရ အဆင့်မြင့်အရာရှိများနှင့် ဆွေးနွေးကြိုးပမ်းခဲ့ကြောင်း သတင်းထုတ်ပြန် သည်။

အထက်ပါ အမေရိကန်၏ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့၏ပြောခွင့်ရပုဂ္ဂိုလ်တို့ထံ 7Day Daily သတင်းစာက မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။