အီရန် စည်ပင်သာယာဝန်ထမ်းများ၏ လာဘ်စားမှု တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေ

အီရန်နိုင်ငံက စည်ပင်သာယာဝန်ထမ်းတွေရဲ့ လာဘ်စားမှုဟာ ကပ်ရောဂါတခုလို တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေတယ်လို့ တီဟီရန်မြို့တော်ကောင်စီ ဥက္ကဋ္ဌက ဇူလိုင် ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မြို့တော်ကောင်စီဥက္ကဋ္ဌ မိုဆန် ဟာရှီမီ ရပ်ဖ်ဆန်ဂျာနီနဲ့ အီရန်အစိုးရ သတင်းအေဂျင်စီ (ISNA) တို့ တွေ့ဆုံမေးမြန်းရာမှာ စည်ပင်ဝန်ထမ်းတွေရဲ့ လာဘ်စားမှုနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဝန်ခံပြောကြား လိုက်တာလည်း ဖြစ်ပါတယ်။

စည်ပင်ဝန်ထမ်းတွေဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ နယ်မြေခွင့်ပြုချက်လို ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး လာဘ်စားမှု ၂၆,၀၀၀ လောက်အထိ ကျူးလွန်ခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

မြို့တော်ကောင်စီဥက္ကဋ္ဌက စည်ပင်သာယာဌာနရဲ့ ငွေကြေးထောက်ပံ့မှု မရှိတဲ့အပေါ် ပြစ်တင်ပြောကြားခဲ့ပြီး အဲဒီလို ငွေကြေးထောက်ပံ့မှု မရှိခြင်းကြောင့် စည်ပင်ဝန်ထမ်းတွေ လာဘ်စားမှုကို ဖြစ်စေခဲ့တာလို့လည်း ပြောကြားခဲ့ပါတယ်။

မြို့တော်ကောင်စီဥက္ကဋ္ဌ ဟာရှီမီ ရပ်ဖ်ဆန်ဂျာနီဟာ ကွယ်လွန်သူ အီရန်သမ္မတဟောင်း ရပ်ဖ်ဆန်ဂျာနီရဲ့ အကြီးဆုံးသားလည်း ဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

DVB