ဘလွန်းဒီအောဆု နီးစပ်လာသူများ

ကမ္ဘာ့ဖလားပြိုင်ပွဲသည် ရေပန်းစားသော အသင်းများနှင့် ကစားသမားများ၏ အကောင်းဆုံး အစီအစဉ်များကို ရိုက်ချိုးပစ်နိုင်ကြောင်း သက်သေပြခဲ့ရာ နေမာ ထက်ပို၍ သိသာသော နမူနာမရှိပေ။

နေမာသည် မက်ဆီနှင့်ရော်နယ်ဒိုတို့၏ လောင်းရိပ်မှရုန်းထွက်ရန် ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင်ကြေးဖြင့် ပြောင်းရွှေ့ခဲ့သည်။ ပီအက်စ်ဂျီတွင် ဒဏ်ရာပြဿနာရှိခဲ့သော်လည်း ၎င်း၏ ဘလွန်းဒီအောအလားအလာကို မထိခိုက်ခဲ့ပေ။

သို့သော် နေမာပါသော ဘရာဇီးအသင်း ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် လက်ပြနှုတ်ဆက်ခဲ့ရပြီးနောက် နေမာထက် ဘလွန်းဒီအောနှင့် ပိုထိုက်တန်သူများ ပေါ်ထွက်လာဖွယ်ရှိသည်။

အီဒင်ဟာဇက်သည် ဘရာဇီးနှင့်ပွဲတွင် ဘယ်ဘက်ခြမ်းက မွှေနှောက်ခဲ့ပြီး နေမာထက်ခြေစွမ်းပိုပြခဲ့သည်။ ၎င်း၏ နောက်ဆုံး နိုင်ငံတကာပွဲ ၁၄ ပွဲ၌ ၁၄ ဂိုးတွင် ပါဝင်ပတ်သက်ခဲ့သည်။ ကိုယ်တိုင်ရှစ်ဂိုးသွင်းယူပြီး ခြောက်ဂိုး ဖန်တီးပေးခဲ့သည်။

ပြင်သစ်မှ မက်ဘီသည် ရုရှား၌ ကမ္ဘာပေါ်တွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံးကစားသမားအဖြစ် သက်သေ ပြခဲ့ပြီး သုံးဂိုး သွင်းယူထားသည်။ ဆယ်ကျော်သက် ဂိုးသွင်းရှင်အဖြစ် ဂန္ထဝင်ပီလီ၏ စံချိန်ကို လိုက်မီထားသည်။

ကီဗင်ဒီဘရိုင်သည် ရုရှား ကမ္ဘာ့ဖလား ပထမလေးပွဲတွင် တိုက်စစ်မလိုက်ဘဲ အလယ်တန်း၌သာ အထိုင်ချ ကစားခဲ့သော်လည်း ဘရာဇီးနှင့်ပွဲတွင် ဘယ်လ်ဂျီယံ၏ နှလုံးခုန်သံဖြစ်ခဲ့သည်။ မန်စီးတီးတွင်လည်း အကောင်းဆုံး ဖြစ်ခဲ့သော ဒီဘရိုင်အတွက် ချန်ပီယံလိဂ်ဖလား မရခဲ့ခြင်းသာ ပြောစရာရှိသည်။

မက်ဘီက ပြင်သစ်၏ ပါရမီရှင်သစ်ဆိုလျှင် ဂရက်ဇ်မန်းသည် ပြိုင်ပွဲကြီးများတွင် အားကိုးရသူအဖြစ် ဆက်လက် ပြသခဲ့သည်။ အကယ်၍သာ ပြင်သစ်ကို ဒုတိယ ကမ္ဘာ့ဖလားသို့ ပို့ဆောင်နိုင်ခဲ့လျှင် ဘလွန်းဒီအောနှင့် ပိုမို နီးစပ်လာမည် ဖြစ်သည်။

အင်္ဂလန်မှ ဟယ်ရီကိန်း သည် ပင်နယ်တီသုံးဂိုး အပါအဝင် တည်ကန်ဘောများမှရသော ဂိုးများနှင့်အတူ စုစုပေါင်း ခြောက် ဂိုးဖြင့် ပြိုင်ပွဲ၏ ရွှေဖိနပ်ဆုနှင့် နီးစပ်နေသူဖြစ်သည်။ ၂၀၁၇ တွင် မက်ဆီနှင့် ရော်နယ်ဒိုတို့ထက် ဂိုး ပိုသွင်းထားသူ ဖြစ်ပြီး အင်္ဂလန်၏ ၅၂ နှစ်ကြာ ကမ္ဘာ့ဖလား အိပ်မက်ကို အမှန်တကယ် ဖန်တီးနိုင်လျှင် ကမ္ဘာ့အကောင်းဆုံးဆုနှင့် ဆုံစည်းခွင့် ရနိုင်သည။်

ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်သည် ချန်ပီယံလိဂ်၌ ရီးရဲလ်ကို မောင်းနှင်ခဲ့သလို  ကမ္ဘာ့ဖလားတွင် လက်ရွေးစင်အသင်း ၏ တွန်းအားဖြစ်သည်။ ခရိုအေးရှား ရွှေရောင်မျိုးဆက်သာ ကမ္ဘာ့ဖလားအောင်ပွဲခံခဲ့လျှင် ကမ္ဘာ့အကောင်းဆုံး အရိုက်အရာကို ဆက်ခံရန် မိုဒရစ်ထက် ထိုက်တန်သူရှိမည် မဟုတ်ပေ။

—Ref:Reuters