ကမ္ဘာ့ဖလားဆုကြေး ခွဲဝေမည်

ယခုကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ချီးမြှင့်သောဆုကြေး စုစုပေါင်း ကန်ဒေါ်လာသန်း ၄၀၀ ရှိပြီး ၂၀၁၄ ဘရာဇီးကမ္ဘာ့ ဖလားက ချီးမြှင့်ခဲ့သောဒေါ်လာ ၃၅၈ သန်းထက်ပိုများသည်။

ဗိုလ်စွဲမည့်အသင်းသည် ဆုကြေးငွေ ကန်ဒေါ်လာ ၃၈ သန်း ရရှိမည်ဖြစ်ကာ ဒုတိယရရှိသော အသင်းက ၂၈ သန်း ရရှိမည်ဖြစ်သည်။ တတိယနေရာရရှိသော အသင်းက ၂၄ သန်းရရှိမည်ဖြစ် ကာ စတုတ္တနေရာနှင့် အဆုံးသတ်သော အသင်းက ၂၂ သန်း ရရှိမည် ဖြစ်သည်။

ကွာတားဖိုင်နယ်တွင် ရှုံးသော အသင်းလေးသင်းက ၁၆ သန်းစီ ရရှိပြီး (၁၆) သင်းအဆင့် ၌ ထွက်ခဲ့ရသော အသင်းရှစ်သင်း က ၁၂ သန်းစီ ရရှိခဲ့သည်။ အုပ်စု အဆင့်မှ လှည့်ပြန်ခဲ့ရသော အသင်းများလည်း ကန်ဒေါ်လာ ရှစ်သန်းစီ ရရှိခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဖလား ယှဉ်ပြိုင်ရန် ကစားသမားများကို ခွင့်ပြုပေးခဲ့သော ကလပ်အသင်းများအား ဖီဖာက ဒေါ်လာ ၂၀၉ သန်း ပေးအပ်ကာ ပြိုင်ပွဲအတွင်း ဒဏ်ရာရရှိသော ကစားသမားများ အတွက်လည်း ဖီဖာက ၁၃၄ သန်း သုံးစွဲခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရန် ပြင်ဆင်ရာ၌ ဖီဖာက လက်ရွေးစင်အသင်းများအား စုစုပေါင်း ကန်ဒေါ်လာ ၄၈ သန်း ပေးအပ်ခဲ့သည်။

ထို့ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖီဖာက စုစုပေါင်းအသုံးပြုသော ငွေကြေးသည် ကန် ဒေါ်လာ  ၇၉၁ သန်းထိ ရောက်ရှိခဲ့သည်။     

 —Ref:Reuters