ပြည်ပရေနံဝယ်ယူမှု သုံးနှစ်အတွင်း ရပ်ဆိုင်းမည်ဟု မက္ကဆီကိုသမ္မတသစ်ပြောကြား

မက္ကဆီကို ရွေးကောက်ခံ သမ္မတလိုပက်ဇ်အိုဘ ရာဒါက သမ္မတသက်တမ်း ပထမ သုံးနှစ်အတွင်း ပြည်ပမှ ရေနံဝယ်ယူမှုများကို ရပ်ဆိုင်းရန် ကြိုးပမ်းမည်ဟု ပြောကြားသည်။

မက္ကဆီကိုနိုင်ငံသို့ ပြည်ပမှ ရေနံတင်သွင်းမှုပမာဏ အားလုံး နီးပါးသည် အမေရိကန်နိုင်ငံမှ ဝယ်ယူနေခြင်း ဖြစ်သည်။

ဇူလိုင် ၁ ရက် ရွေးကောက် ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော လိုပက်ဇ်အိုဘရာဒါ က နှစ်များစွာအတွင်း သိသိသာသာ လျော့ကျနေသော ပြည်တွင်း ရေနံထုတ်လုပ်မှု ပြန်လည်တိုးမြှင့်ရန် အဓိကဦးစားပေးဆောင်ရွက် မည်ဟု စနေနံနက်တွင် သတင်းထောက်များအား ပြောကြားသည်။

‘‘ကျွန်တော်နဲ့ သမ္မတသက်တမ်းနှစ်ဝက်မှာ ပြည်ပက ရေနံဝယ်ယူတာတွေ ရပ်ဆိုင်းဖို့ အဓိက ဆောင်ရွက် သွားပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ရေနံထုတ်လုပ်မှု၊ ရှာဖွေမှု၊ တူးဖော်မှုကို ပြန်လည် အသက်သွင်းသွားပါမယ်’’ ဟု လိုပက်ဇ်အိုဘရာဒါက ပြောကြားသည်။

 လက်ဝဲဝါဒီ မြို့တော်ဝန် ဟောင်းတစ်ဦးဖြစ်သော လိုပက်ဇ် အိုဘရာဒါက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် ကာလအတွင်း ပြည်တွင်းရေနံထုတ်လုပ်မှု မြှင့်တင်ပြီး ပြည်ပမှ ဝယ်ယူသုံးစွဲမှုများ ဖြတ်တောက်မည်ဟု ကတိပြု ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်တွင် သမ္မတရာထူးအပ်နှင်းခံရမည့် လိုပက်ဇ် အိုဘရာဒါက သမ္မတသက်တမ်းအတွင်း အလယ်အလတ်အရွယ်အစားရှိ ရေနံချက်စက်ရုံများ တည်ဆောက်ရန် ရည်မှန်းချက် တစ်ခုဖြစ်ကြောင်း စနေ နေ့က ပြောကြားခဲ့သည်။

အဆိုပါရေနံချက်စက်ရုံများကို ပင်လယ်ကွေ့ ကမ်းရိုးတန်း ဒေသများဖြစ်သော တာဘာစကိုနှင့် ချမ်ပီချီတို့တွင် ဆောက်လုပ်မည်ဖြစ်ကြောင်း လိုပက်ဇ်အိုဘ ရာဒါက ပြောသော်လည်း ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် ယင်းရေနံချက်စက်ရုံများ တည်ဆောက်ရေး ရန်ပုံငွေအကြောင်း ရှင်းလင်းစွာ မပြောပေ။

ယခုနှစ် လက်ရှိအချိန်အထိ မက္ကဆီကိုသည် ပျမ်းမျှ နေ့စဉ် ရေနံစည်ပေါင်း ၅၉၀,၀၀၀ ခန့် နှင့် ဒီဇယ်စည်ပေါင်း ၂၃၂,၀၀၀ ဝယ်ယူသုံးစွဲနေသည်။

—Ref: Reuters