ကွာတားဖိုင်နယ်ပွဲစဉ်များ ကစားမည့်အချိန်နဲ့ ပွဲကြိုသုံးသပ်ချက်များ

ဥရုဂွေး – ပြင်သစ် / ဇူလိုင်(၆)ရက်နေ့ (သောကြာ) ည ၈:၃၀ နာရီ

ဒီပွဲက ခံစစ်နဲ့ တိုက်စစ်အားပြိုင်မယ့်ပွဲပါ။ ဥရုဂွေးက ခံစစ်ကစားတာ အရမ်းကောင်းပါတယ်။ ဝါရင့်ခံစစ်မှုး ဂိုဒင်နဲ့ ဂျီမီနက်ဇ်တို့ဟာ အက်သလက်တီကို အသင်းမှာ အတူတူတွဲကစားတာ ကြာနေပြီမို့ နားလည်မှု အားကောင်း ကြပါတယ်။ ပေါ်တူဂီနဲ့နေ့မှာ ခံစစ်အဓိက ကစားပြီး ကောင်တာ ကစားသွားပါတယ်။ ကောင်တာကစားရမှာ ဆွာရက်ဇ်၊ကာဗာနီ အတွဲက နားလည်မှု ရှိတာမို့ ဂိုးတွေရခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ကာဗာနီပါဝင်ဖို့ မသေချာ တော့ပါဘူး။ ကာဗာနီ ဒဏ်ရာရနေလို့ ဆွာရက်ဇ်တစ်ယောက်ပဲ အဓိက တိုက်စစ်မှုး အဖြစ်ရှိပါတော့တယ်။ ဥရုဂွေး ဟာ အသင်းကောင်း တစ်သင်းဖြစ်ပေမယ့်  ပြင်သစ်ကိုတော့ ယှဉ်ဖို့ မလွယ်လောက်ပါဘူး။ ပြင်သစ်ခံစစ်က ပ်ါတူဂီခံစစ်ထက် အများကြီးကောင်းပါတယ်။

ကွင်းလယ်ချင်းယှဉ်ရင်လည်း ပြင်သစ်က သာပါတယ်။ အာဂျင်တီးနားနဲ့ပွဲ ဒုတိယပိုင်းမှာ ပြင်သစ် ကွင်းလယ် တော်တော်လေး ကောင်းခဲ့ပါတယ်။ ပေါ့ဘာ၊ မာတူဒီ၊ ကန်တေ ၃ ယောက်လုံး ခြေစွမ်းပြနေပါတယ်။ မာတူဒီကတော့ အဝါကဒ် ပြစ်ဒဏ်ကြောင့် ဥရုဂွေးနဲ့ပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ကွင်းလယ်မှာ တော်လစ်ဆိုလည်း ရှိနေပါသေးတယ်။ ပြင်သစ်က ကစားသမားကောင်း များတာကြောင့် အရံစာရင်းကလည်း အင်အားတောင့်တင်းနေပါတယ်။ ဥရုဂွေးခံစစ်က အမြန်နှုန်းကောင်းတဲ့ အမ်ဘာပေးကို ထိန်းနိုင်မလားဆိုတာတော့ ကြည့်ရပါမယ်။ ဥရုဂွေးရဲ့ မျှော်လင့်ချက်က ပွဲချိန်အတွင်းမှာ သရေကစားပြီး ပင်နယ်တီအထိခေါ်သွားဖို့ပါ။  ဒါပေမယ့် ပြင်သစ်တို့ အဲ့ဒီလိုတော့ အဖြစ်မခံလောက်ဘူးထင်ပါတယ်။

ဘရာဇီး-ဘယ်ဂျီယံ / ဇူလိုင်(၆)ရက်နေ့ (သောကြာ) ည ၁၂း ၃၀ နာရီ

ဘရာဇီးရဲ့ ခြေကို စမ်းမယ့် ပြိုင်ဘက်ကောင်းဟာ ဘယ်ဂျီယံပါ။ ဘရာဇီးက မက္ကဆီကိုကို ကစားသွားတဲ့နေ့မှာ ပွဲချိန်ကြာလာတာနဲ့ အမျှပွဲကို ပြန်လည် လွှမ်းမိုး နိုင်ခဲ့တယ်။ ဝီလီယံကလည်း ခြေစွမ်းကောင်း ပြန်ရ နေတယ်။ နေမာကလည်း ဂိုးတွေ သွင်းနေတယ်။ ဘရာဇီးတိုက်စစ်က ဖာမီနိုကို ပွဲထွက်စာရင်းမှာ သုံးရင် ဂျေးဆူထက် ပိုပြီး ထိရောက်မယ်လို့ ထင်မိတယ်။ ဘရာဇီးလ်ခံစစ်ကတော့  တော်တော်လေး ကောင်းနေတယ်။ စုစုပေါင်း ၄ပွဲကစားပြီးချိန်မှာ ၁ဂိုးပဲ ပေးရသေးတယ်။ ဘယ်ဂျီယံက ဂျပန်နဲ့ပွဲမှာ အသည်းအသန် ကစားခဲ့ရတယ်။ ပထမပိုင်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြဘူး။ ဒုတိယပိုင်းမှာ မထင်မှတ်ပဲ ဂိုးတွေပေးလိုက်ရတယ်။

ဒါပေမယ့် ဘယ်ဂျီယံကို တစ်ခုချီးကျူးတာက အရမ်းကြီး မပျာသွားဘူး။ စနစ်တကျ ဂိုးရအောင် ပြန်တိုက်စစ် ဆင်တယ်။ ဖယ်လိုင်နီနဲ့ ချက်ဒ်လီ ဝင်လာတယ်။ ဖယ်လိုင်နီကို ခေါင်းတိုက်ဖို့ ထည့်ပေးလိုက်တာ ထင်တဲ့ အတိုင်းပဲ ခေါင်းတိုက်သွင်းသွားတယ်။ ချက်ဒ်လီက တန်ပြန်တိုက်စစ်မှာ အနိုင်ဂိုးသွင်းသွားတယ်။

လူစားလဲမှုတွေ ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဘရာဇီးနဲ့တွေ့တဲ့အခါ ဂျပန်နဲ့ပွဲမှာ ရသလောက် အခွင့်အရေးရမှာ မဟုတ်ဘူး။ ရတဲ့အခွင့်အရေး မသုံးနိုင်ရင် ရှုံးဖို့ များတယ်။ ဘယ်ဂျီယံခံစစ်ကလည်း တူနီရှားနဲ့ပွဲမှာ ၂ဂိုး၊ ဂျပန်နဲ့ပွဲမှာ ၂ဂိုးပေးထားရတယ်။ ကစားသမား အင်အားအရယှဉ်ရင် ဘရာဇီးက နည်းနည်း အသာရတယ်။ မာဆယ်လို၊ ဒန်နီလို ၊ဒေါက်ကလပ်စ် ကော်စတာတို့လည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဆိုတော့ ဘရာဇီး အသာရဖို့ များနေတယ်။

ဆွီဒင် – အင်္ဂလန် / ဇူလိုင်(၇)ရက်နေ့ (စနေ) ည ၈း ၃၀ နာရီ

ကိုလံဘီယာနဲ့ပွဲမှာ အင်္ဂလန်နိုင်ခဲ့တာမှန်ပေမယ့် ကစားကွက်က အားရစရာ မရှိဘူး။ ၃-၅-၂ မှာ ဒယ်လီအယ်လီနဲ့ လင်ဂတ်တို့က Attacking Midfielder တွေ ဖြစ်နေပေမယ့် တကယ်တမ်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ စတာလင်ကလည်း မာကျောတဲ့ ခံစစ်နဲ့ဆို အဆင်မပြေဘူး။ မန်စီးတီးမှာ ညာတောင်ပံ ကစားနေရာကနေ အင်္ဂလန်မှာ နောက်ချန်တိုက်စစ် ပုံစံ ကစားနေရတယ်။ အလယ်ကျောမှာ စတာလင် သက်တောင့် သက်သာ ရှိမနေဘူး။ ၄-၃-၃ ကစားကြည့်စေချင်တယ်။ ဒါပေမယ့် ဆောက်ဂိတ်က ၃-၅-၂ ကို ပြောင်းမယ့်ပုံ မရှိဘူး ဖြစ်နေတယ်။ ၃-၅-၂ ပဲ ဆက်သုံးဖို့ များတယ်။ ဆက်သုံးမယ်ဆိုရင်တော့ ကစားပုံ တက်လာဖို့ လိုတယ်။ ဆွီဒင်နေရာမှာ အခြား နာမည်ကြီးအသင်းကောင်း တစ်သင်းလောက်ဆို အင်္ဂလန်ပြုတ်ဖို့ များတယ်။ ဒါပေမယ့် ဆွီဒင်ကိုတော့ ယှဉ်ကစားနိုင်မယ်ထင်မိတယ်။

ဆွီဒင်က ဆွစ်ဇာလန်ကို နိုင်တဲ့ပွဲမှာ ဂိုးသွင်းခွင့်တွေလည်း ဖန်တီးနိုင်ခဲ့သလို ခံစစ်ကလည်း ကောင်းတယ်။ အမြင့်ဘောရှင်းတာလည်း ကောင်းတယ်။ ပေးဂိုး ဆိုလို့ ဂျာမနီကို ခွင့်ပြုခဲ့ရတဲ့ ၂ဂိုးပဲရှိတယ်။  အဲ့ဒီတုန်းကလည်း သရေရလဒ်ကို ထိန်းထားနိုင်တော့ဖို့ တော်တော်လေး နီးစပ်ခဲ့တယ်။ တိုနီကရူးစ်ရဲ့ ကန်ချက် တော်တော်လေး ကောင်းခဲ့လို့သာ ပွဲပြီးခါနီးမှာ ရှုံးခဲ့တာ။ အင်္ဂလန်နဲ့ပွဲမှာ ဆွီဒင် ဦးဆောင်ဂိုး ရသွားရင် အင်္ဂလန် ရှုံးဖို့ များတယ်။ ဒီ၂သင်းက ခြေတော့ မျှနေတယ်။ ဆွီဒင်က နယ်သာလန်၊ အီတလီ အသင်းကြီးတွေကို ဖြုတ်လာပြီးမှ ကမ္ဘာ့ဖလား မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာ။ ဆွီဒင်ကို အထင်သေးရင်တော့ အင်္ဂလန်ဒုက္ခရောက်နိုင်တယ်။ ဒီပွဲက ပွဲချိန်အတွင်းမှာ သရေကျနိုင်တဲ့ပွဲလို့ ထင်မိတယ်။ ပင်နယ်တီ အဆုံးအဖြတ်ေ ရာက်နိုင်ခြေရှိတယ်လို့ ထင်မိတယ်။

ရုရှ-ခရိုအေးရှား / ဇူလိုင်(၇) ရက်နေ့ (စနေ) ည ၁၂း ၃၀ နာရီ

ရုရှက ကမ္ဘာ့ဖလားရဖို့ ရေပန်းစားတဲ့အသင်းမဟုတ်ပေမယ့် ရုရှကို အထင်သေးလို့တော့မရဘူး။ စပိန်ကို ဘယ်လို ပိတ်ကစားသွားလဲဆိုတာ အားလုံး အမြင်ပဲ။ စပိန်က Passing တွေ များပြီး မထိရောက်တာကြောင့်လည်း ပါတယ်။ အဲ့ဒီပွဲမှာက ရုရှက ပိတ်ကန်မယ်ဆိုတဲ့ နည်းဗျူဟာရှိတာကြောင့် သရေကျခဲ့ပြီး ပင်နယ်တီ ရောက်သွားခဲ့တာ ဖြစ့်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ရုရှတို့ ခရိုအေးရှားကို ပိတ်ကစားပါ့မလား။ အပြန်အလှန် ကစားလာမလား။  အပြန်အလှန် ကစားမယ်ဆိုရင်တောင် ရုရှတို့ ဘောလုံးပိုင်ဆိုင်မှု နည်းဖို့တော့ရှိပါတယ်။ ခရိုအေးရှားက ကွင်းလယ် တော်တော်လေး ကောင်းတယ်။ ဒီပွဲမှာက ခရိုအေးရှားက ပွဲကို ထိန်းချုပ်ပြီး ရုရှက တန်ပြန်တိုက်စစ် ကစားရဖို့ရှိနေပါတယ်။

ခရိုအေးရှားက နိုက်ဂျီးရီးယားကို ၂-၀၊အာဂျင်တီးနားကို ၃-၀ ကစားခဲ့တာဖြစ်ပြီး အိုက်စလန်၊ ဒိန်းမတ်တို့ ပွဲမှာပဲ ပေးဂိုး ၁ဂိုးစီပေးခဲ့ရတယ်။ အိုက်စလန်နဲ့ပွဲက တော့ အဓိက ကစားသမားတွေ မသုံးခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။ ဒိန်းမတ်နဲ့ပွဲမှာ ၁-၁ နဲ့ သရေကျနေခဲ့ပြီး အချိန်ပို မိနစ် ၃၀မှာ  မိုဒရစ် ပင်နယ်တီ မဝင်လို့သာ စောစောစီးစီး အဖြေမပေါ်ပဲ ပင်နယ်တီ အဆုံးအဖြတ်အထိ ရောက်သွားတာ ဖြစ်ပါတယ်။ ခရိုအေးရှား က ခံစစ်ရော၊ ကွင်းလယ်ရော၊ တိုက်စစ်ရော ကောင်းနေတဲ့ အသင်းဖြစ်လို့ ဒီပွဲမှာတော့ ခရိုအေးရှားတို့ နိုင်မယ်လို့ ထင်မိပါတယ်။ 

Source: Goal Reader