လေပေါ်မှာပျံသန်းနေစဉ် ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနိုင်တဲ့ ဒရုန်း

တိုကျိုတက္ကသိုလ်ရဲ့ JSK Lab ကသုတေသီတွေဟာ ပျံသန်းနေစဉ် ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်တဲ့ ဒရုန်းအသေးစား လေးတွေ ပြုလုပ်ထားတဲ့ “dragon drone” ကိုဖန်တီးခဲ့တယ်လို့ IEEE ကဖော်ပြခဲ့ပါတယ်။ အဲဒီ ဒရုန်းဟာ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ရုံတင်မကဘဲ စတုရန်း ဒါမှမဟုတ် မျဉ်းကွေးလိုမျိုး ပုံစံနဲ့ လေပေါ်ပျံနိုင်ပါတယ်။ ဒါ့အပြင် ပျံသန်းတဲ့ နေရာလွတ်ပေါ်မူတည်ပြီး သင့်တော်တဲ့ပုံစံမျိုးကိုလည်း အလိုအလျောက်ပြောင်းပေးနိုင်ပါတယ်။

DRAGON ရဲ့အမည်အပြည့်အစုံက “Dual-rotor embedded multilink Robot with the Ability of multi-deGree-of-freedom aerial transformationON” ဖြစ်ပါတယ်။ Dragon ဒရုန်းကို ရိုးရာနဂါးစွန်တွေနဲ့ အလှဆင် ထားပြီး အမြီးပိုင်းကိုတော့ စွန်အသေးစားလေးတွေနဲ့ ချိတ်ဆက်ပြုလုပ်ထားပါတယ်။ ဒရုန်းအသေးစားလေးတွေ တစ်ခုချင်းစီမှာ ပန်ကာတစ်စုံစီပါဝင်ပြီး လမ်းကြောင်းပေါင်းစုံကို ချိန်ညှိပေးနိုင်ပါတယ်။ Dragon ကို Intel Euclid dev kit နဲ့ထောက်ပံ့ထားပြီး သုံးမိနစ်အထိ ပျံသန်းနိုင်ဖို့ ဒရုန်းကျောရိုးမှာ ဘက်ထရီတစ်ခု ပါဝင်လာပါတယ်။ ဗီဒီယိုထဲမှာ ပါဝင်တဲ့ DRAGON ဒရုန်းမှာ အစိတ်အပိုင်း လေးခုပါဝင်ပြီး စတုရန်းပုံစံ ပုံဖော်မှုကို သရုပ်ပြသထား ပါတယ်။

အဲဒီ DRAGON ဒရုန်းမှာ အစိတ်အပိုင်း ၁၂ ခုအထိ ထည့်သွင်းနိုင်ပြီး အရာဝတ္ထုတွေကို ရွှေ့ပေးနိုင်သလို အပြန်အလှန် ဆက်သွယ်နိုင်တယ်လို့ JSK ကပြောခဲ့ပါတယ်။

စိုးထက်
Ref: TheVerge