အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသည့်ပါတီဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံစဉ်ပြောကြား

 

မွန်ပြည်နယ် ကျိုက်ထို့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီကအချိန်၌ ကျင်းပပြုလုပ်သည့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းစုပေါင်းသီဆိုကာ ဖွင့်လှစ်ပြီး ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌက မိမိတို့ မြို့နယ်၊ ရပ်ကျေးများ ၏ အခြေနေအမှန် ကို တင်ပြရန်၊ ပါတီတွင်း စည်းလုံး ညီညွတ် ကြရန်၊ မြို့နယ် ကော်မတီဝင်များအနေဖြင့် ပါတီလုပ်ငန်းဆောင်ရွက်ရာတွင် အောက်ခြေပါတီထိရောက်ရှိအောင် ထိတွေ့ ကြရန်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ပါတီဥက္ကဋ္ဌ မြို့နယ်ပါတီဖွဲ့စည်းထားရှိမှု ရပ်ကွက်နှင့်ကျေးရွာများ ဖွဲ့စည်းထားရှိမှုများအား မြို့နယ်ပါတီမှ ပါတီ၏ရည်မှန်းချက်များအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အချိန်အခါအလိုက် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် ကျဆင်းရေးအတွက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင် ရွက်နေမှုများ၊ ပါတီအဆင့်ဆင့်၏လမ်းညွှန်မှုများအား ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ရပ်ကွက်နှင့်ကျေးရွာ ပါတီဥက္ကဋ္ဌ များမှ မိမိတို့ရပ်ကွက်ကျေးရွာများအလိုက် ပါတီလုပ်ငန်းများ၊လူမှုရေးလုပ်ငန်းများဆောင်ရွက်နေမှုအား တင်ပြကြသည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့ပါတီသည် အစဉ်အလာအရ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသည့်ပါတီဖြစ်ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေး ၃ ပါးကို အစဉ်ဦးထိပ်ရွက်ကာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ပါတီဥက္ကဋ္ဌကြီးမှ ဒီနေ့ ပြည်သူတွေလိုလားမှုနဲ့အတူတူ ဖြစ်ပေါ်လာတဲ့ ပါတီစုံဒီမိုကရေစီခေတ်ကြီးမှာ ပြည်သူအများစုရဲ့ ရွေးချယ်မှုအရပဲ ရွေးကောက်ပွဲအနိုင်ရတဲ့ ပါတီဟာအစိုးရဖွဲ့ကြောင်း၊ တိုင်းပြည်ရဲ့ကံကြမ္မာကို ဦးဆောင်ဖန်တီးနိုင်တဲ့ အခွင့်အလမ်းရထားတယ် မှန်ခြင်း ၊ မှားခြင်း ၊ ကောင်းခြင်း ၊ ဆိုးခြင်း ၊ တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်းကတော့ သူကပဲတာဝန်ယူရမှာ သူတို့ရဲ့အရည်အချင်းပေါ်မှာပဲ မူတည်ကြောင်း၊ အဲ့တော့ ဒီနေ့တိုင်းပြည်မှာပြန်ကြည့်ရင်တော့ အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ကုန်ဈေးနှုန်းတွေ ၊ ဒုစရိုက်မှု နဲ့ ရာဇ၀တ်မှုတွေ နောက်တစ်ခါ အရှိန်အဟုန်နဲ့ကျဆင်းသွားတဲ့ ပြည်သူ့ဘ၀ လုံခြုံရေး ၊ ရပ်ရွာအေးချမ်းသာယာရေး ၊ ဒီမိုကရေစီအခြေခံပိုင်ခွင့်တွေ အရင်အစိုးရကာလ စွမ်းဆောင်မှုထက် ပိုပြီးတော့ရှေ့မတိုးနိုင်သေးတဲ့ ငြိမ်းချမ်းရေး နောက်တစ်ခါ မြန်မာပိုင်မှဟုတ်သေးရဲ့လားလို့ သံသယဖြစ်ဖွယ်ရာ အချုပ်အခြာအာဏာဘယ်မှာရှိသလဲဆိုတဲ့ အချုပ်အခြာအာဏာရဲ့တည်ရာတွေ နောက်တစ်ခါ ဒီနေ့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေ ဒါတွေကို ပြန်ကြည့်လိုက်လို့ရှိရင်တော့ အများစုလက်ခံတယ်ဆိုတဲ့ ဆုံးဖြတ်မှုတိုင်းဟာ အကြွင်းမဲ့မှန်ကန်မှုမရှိဘူးလို့ ပြည်သူတွေ အထိုက်အလျောက်နားလည်လာကြပြီလို့ ယူဆပါကြောင်းဖြစ် ပြောကြားခဲ့ပါကြောင်း။
တက်ရောက်လာသူအားလုံးက မိမိတို့ပါတီအောင်နိုင်ရေးနှင့် ပြည်သူလူထုကြုံတွေ့နေရသည့် အခက်အခဲများ၊ နိုင်ငံတော်တွင်ပြောင်းလဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများအား စဉ်ဆက်မပြတ် လေ့လာပြီး ပြည်သူထဲမှ ပြည်သူအားကိုးရသည့် ပါတီဝင်များဖြစ်စေလိုပါကြောင်းဖြစ် ပြောကြားခဲ့သည်။