၂၁ ရာစု ပင်လုံသို့ မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ တက်ရောက်ရန် တရုတ်မှတစ်ဆင့် ဖိတ်ကြား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ တက်ရောက်ရန် တရုတ်သံရုံးက တစ်ဆင့် ဖိတ်ကြားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော ကြားသည်။‘‘မနေ့က ဖိတ်ထားပြီးပြီ။ အဲဒါ တရုတ်သံရုံးက ပေးလိမ့်မယ်။ ခုနစ်ဖွဲ့စလုံးကို တစ်ဖွဲ့စီ ဖိတ်တယ်’’ဟု ဦးဇော်ဌေးက ဇူလိုင် ၃ ရက်တွင် ပြောသည်။

‘ဝ’အဖွဲ့ (UWSA)၊ ကချင် အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့ (AA) မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ ကလည်း ၎င်းတို့ခုနစ်ဖွဲ့ စလုံးကို ဖိတ်ကြားပါက ၂၁ ရာစု ပင်လုံသို့ တက်ရောက်မည်ဟု ပြောကြားထားသည်။

တအာင်းအဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်း အိုက်ကျော်က ၎င်းတို့ဆီ ဖိတ်ကြားစာမရသေး သော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့စလုံးကို ဖိတ်ကြားပါက တက်ရောက်မည်ဟု ဇူလိုင် ၃ ရက်တွင်ပြောသည်။ UWSA လားရှိုးဆက်ဆံရေး ရုံး ဒုတိယတာဝန်ခံ ဦးညီရန်းကလည်း  ‘‘ခုနစ်ဖွဲ့စလုံး ဖိတ်ရင်တော့ အရင်အတိုင်း ဒုတိယအကြိမ်လိုမျိုး တက်မှာ ပေါ့’’ဟု ပြော ကြားသည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် ၂၀၁၇ မေလက ကျင်းပသည့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး တွင်လည်း တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်း ပေးမှုအရ ညီလာခံဖွင့်ပွဲနေ့၌ တက်ရောက်ခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်း သည် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များကို တရုတ်နိုင်ငံ ကူမင်း၌ တွေ့ဆုံပြီး ၂၁ ရာစု ပင်လုံအစည်းအဝေးသို့ ဖိတ်ကြားပါက တက်ရောက်ရန် တိုက်တွန်းထားသည်။

အလားတူ မစ္စတာ ဆွန်ကော်ရှန်းသည် နေပြည်တော်သို့ လာရောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံကာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် ရှစ်ဖွဲ့ကို ညီလာခံ တက်ရောက်သူအဖြစ် ဖိတ်ကြား ထားသည်။ သို့ရာတွင် NCA မထိုးရသေးသည့် အဖွဲ့များအနေ ဖြင့် ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခွင့်မရှိပေ။ ၂၁ ပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်ကစ၍ ခြောက်ရက်ကြာ ကျင်းပမည်ဖြစ်သည်။