နေမာနဲ့ ပတ်သက်တဲ့သတင်းတစ်ခုကို တရားဝင် ငြင်းဆိုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ တရားဝင်ငြင်းဆိုသွားတယ်လို့ သိရပါတယ်။ မနေ့ညက စပိန်လူထုရုပ်သံတစ်ခုဖြစ်တဲ့ TVE သတင်းဌာနဟာရီးရဲလ်မက်ဒရစ်အနေနဲ့ နေမာအတွက် PSG ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း (၃၁၀) နဲ့ ကမ်းလှမ်းလိုက်တယ်ဆိုပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နေမာအနေနဲ့ ပဲရစ်မှာ အဆင်မပြေ ဖြစ်နေတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လာလီဂါကို ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းများက ဖော်ပြခဲ့တာလည်း ကြာနေပြီ ဖြစ်ပါတယ်။

အဆိုပါ TVE ရဲ့ သတင်းမှာ ရီးရဲလ်ဟာ နေမာအတွက် တစ်နှစ် ယူရို (၄၅) သန်းတန် လုပ်ခလစာပေးပြီး (၇) နှစ် စာချုပ်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ အထက်ပါသတင်းတွေနဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ဟာ နာရီပိုင်း အတွင်းမှာပဲ တရားဝင်ထုတ်ပြန်ချက် စာတစ်စောင်နဲ့ ငြင်းဆိုသွားခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ “ယနေ့ညမှာ TVE သတင်းဌာန ဖော်ပြခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အနေနဲ့ PSG ကစားသမားနေမာကို ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းဟာလုံးဝ မှန်ကန်ခြင်းမရှိပါ၊ ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားနဲ့ ပတ်သက်ပြီး မည်သည့် ကမ်းလှမ်းမှုမျိုးမှ လုပ်ထားခြင်း မရှိပါဘူး”

“စပိန်အခြေစိုက် ရုပ်သံဌာနတစ်ခု အနေနဲ့ ဒီလို သတင်းအမှားတွေကို ဖော်ပြခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်အနေနဲ့ အံ့အားသင့်ခဲ့ရပါသည်၊ အသင်းဘက်ကို ဆက်သွယ်မေးမြန်းခြင်း မလုပ်ခဲ့တဲ့ အပြင် ဒီလိုပေါက်ကြားလာတဲ့ သတင်းအမှားနဲ့ ပတ်သက်လို့ ဖော်ပြသွားတာဟာ အံ့အားသင့်စရာကောင်းပါတယ်၊ အသင်းဘက်က လွယ်လွယ် ကူကူကို ငြင်းဆန်လိုက်ရပါသည်” ဆိုပြီး တရားဝင်ထုတ်ပြန်သွားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အဆိုပါတရားဝင် ထုတ်ပြန်ချက်ကို လူမှုကွန်ယက်စာမျက်နှာတွေကနေတစ်ဆင့် လူအများသိအောင် ထုတ်ပြန်ခဲ့ပါတယ်။

Source: Goal reader