အီဂျစ်တိုက်စစ်မှူး ဆာလက် လီဗာပူးအသင်းနှင့် ငါးနှစ်စာချုပ် သက်တမ်းတိုး

လန်ဒန် – ကမ္ဘာ့ဖလားမှ စောစော စီးစီးထွက်ရသည့် အီဂျစ်အသင်းတိုက်စစ်မှူး မိုဟာမက်ဆာလက်သည် လီဗာပူးတွင် ငါးနှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

ဆာလက် (၂၆) နှစ်သည် ပြီးခဲ့သည့်နွေရာ သီကလီဗာပူးသို့ ပေါင် ၃၄ သန်းဖြင့် ရောက်လာပြီး ကလပ်အတွက် ၅၂ ပွဲ ကစားထားကာ ၄၄ ဂိုးသွင်းယူခဲ့သည်။ ၎င်း၏စာချုပ်သစ်သည် ၂၀၂၃ တွင် သက်တမ်း ကုန်မည်ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ပါဝင်ခြင်း မရှိပေ။

ပြီးခဲ့သည့်ရာသီက ၃၈ ပွဲ တွင် ၃၂ ဂိုးသွင်းပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ရခဲ့သော ဆာလက်သည် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုနှင့် ဘောလုံး ကလောင်ရှင်များအဖွဲ့၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိခဲ့သည်။

အကောင်းဆုံးစွမ်းဆောင်ခဲ့သော ဆာလက်ကို စာချုပ်သစ်ဖြင့် ဆုချခြင်းဖြစ်ကြောင်း လီဗာပူးနည်းပြက ပြောသည်။

ဆာလက်သည် ယခုစာချုပ်သစ်ကြောင့် တစ်ပတ်လျှင်ပေါင် နှစ်သိန်းဖြင့် လီဗာပူး၏ လစာအကောင်းဆုံး ကစားသမားဖြစ်လာသည်ဟု အင်္ဂလန်မီဒီယာများက ဖော်ပြသည်။

လီဗာပူးသည် ဆာလက်ကို နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုသော်လည်း ဆွာရက်ဇ်နှင့် ကော်တင်ဟို တို့ကို ရောင်းခဲ့သလို ဆာလက်ကိုလည်း ကြီးမားသောကြေးတစ်ရပ်ဖြင့် ရောင်းချနိုင်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။

—Ref:BBC/Goal