ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်အမှာစကားပြောကြား
ဇွန်(၂၈)၊ကျောက်ဆည်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နေ့လည် ၂ နာရီက ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြုလုပ်ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက် အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုလုပ်အမှုဆောင် ဦးဝဏ္ဏ မောင်လွင် (မန္တလေးတိုင်းဒေသကြီးပါတီနယ်မြေတာဝန်ခံ)၊ ပါတီဗဟိုလုပ်အမှုဆောင် ဦးဝင်းမောင် (မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ ပါတီဥက္ကဋ္ဌများနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီရပ်/ကျေးဥက္ကဋ္ဌများ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၂၅၀ ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအား နိုင်ငံတော်သီချင်းသီဆို၍ နိုင်ငံတော်အလံအား အလေးပြုဖွင့်လှစ်ပြီးနောက် ကျောက်ဆည်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းက ခရိုင်နယ်မြေအခြေအနေများနှင့် ပါတီလုပ်ငန်း လုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ပြီးနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက လက်ရှိနိုင်ငံရေးအခြေအနေများနှင့်စပ်လျဉ်း၍ ပါတီဝင်များအား ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး ပါတီဝင်များအနေဖြင့် လက်ရှိနိုင်ငံရေးအခြေအနေများအား အမြဲမပြတ်လေ့လာပြီးမှ မိမိတို့တတ်စွမ်းသရွေ့ ပါဝင်လုပ်ဆောင်ကြရန်လည်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ပါတီဝင်များက သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ရာ ပါတီတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ လိုအပ်သည်များအား ထပ်မံဖြည့်ဆည်းမှာကြားခဲ့ကြသည်။