၂၁ ရာစု ပင်လုံညီလာခံသို့ လေ့လာသူအဖြစ် ဖိတ်ကြားပါက တက်ရောက်မည်ဟု နာဂလက်နက်ကိုင်အဖွဲ့ပြော

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးသို့ လေ့လာသူအဖြစ် ဖိတ်ကြားပါက တက်ရောက်မည်ဟု နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးရန် ငြင်းဆိုထားသည့် နာဂအဖွဲ့ အနေဖြင့် ယခင်အစိုးရလက်ထက် ၂၀၁၆ ဇန်နဝါရီက ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ သို့သော် ယခု အစိုးရလက်ထက်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံအစည်း အဝေး နှစ်ကြိမ်စလုံး တက်ရောက်ခြင်းမရှိပေ။

‘‘ဖိတ်စာပေးလာတယ်ဆို တက်ဖို့တော့ ဆုံးဖြတ်ထားတာရှိတယ်’’ဟု ဦးကျော်ဝမ်းစိန်က ဇူလိုင်အတွင်း ကျင်းပရန် စီစဉ်နေသည့် ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးသို့ တက်ရောက် ရန်အဖွဲ့၏ ဆုံးဖြတ်ထားမှုကို ပြောသည်။ မြန်မာ-အိန္ဒိယနယ်စပ် အခြေပြု နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ကို NCA တွင် ပါဝင်လက်မှတ်ထိုးရန် အစိုးရဘက်က တိုက်တွန်းထားသည်။ လက်ရှိ အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် NSCN-K တို့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးထားသည်။

‘‘ကျွန်တော်တို့ကျတော့ နှစ်နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အခါကျတော့ NCA က တစ်နိုင်ငံတည်းနဲ့သွားတဲ့ ကိစ္စဆိုတော့ အဆင်မပြေတာက ဒါတွေပါ’’ဟု ဦးကျော်ဝမ်းစိန်က နာဂအဖွဲ့ NCA မထိုးခြင်းနှင့်ပတ်သက်ပြီး ပြောသည်။ NSCN-K သည် မြန်မာအစိုးရနှင့် ၂၀၁၂ တွင် တိုင်းအဆင့် အပစ်ရပ်စဲရေး ဆောင်ရွက်ထားသည့် အဖွဲ့အစည်းဖြစ်သည်။ သို့သော် NCA လက်မှတ် ရေးထိုးရန် အိန္ဒိယနိုင်ငံနှင့် နိုင်ငံရေးအရ ဆက်စပ်မှုများရှိနေ သဖြင့် အခက်အခဲများစွာရှိ ကြောင်း NSCN-K က ပြောကြားသည်။

NSCN တွင် ခေါင်းဆောင်အမည်ကို အစွဲပြုပြီး NSCN-K နှင့် NSCN-MI ဟူ၍ အဖွဲ့နှစ်ဖွဲ့ ရှိသည်။ NSCN-MI သည် အိန္ဒိယနိုင်ငံအတွင်း တည်ရှိပြီး အိန္ဒိယနှင့် ငြိမ်းချမ်းရေးယူထားသော် လည်း NSCN-K နှင့် အိန္ဒိယတပ် တို့အကြား တိုက်ခိုက်မှုများ ရှိခဲ့သည်။

7day daily