ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က မြို့နယ်တွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားရာ ယနေ့နိုင်ငံမှာ လတ်တလောဖြစ်ပျက်နေသော အကြောင်းအရာ များနှင့်စပ်လျဉ်းပြီး ပါတီဝင်များ ပိုမိုနားလည်သိရှိနိုင်ရန်ရည်ရွယ်လျက် ယခုတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရကြောင်းပြောကြားကာ စာရေးဆရာနှစ်ဦးဖြစ်သော မောင်စေတနာ(ပခုက္ကူ)နှင့် မင်းကိုမြင့် (မြောင်းမြ)တို့နှင့်မိတ်ဆက်ပေးခဲ့သည်။

ဆက်လက်၍ စာရေးဆရာနှစ်ဦးက လက်ရှိနိုင်ငံတော် အကျပ်အတည်းများနှင့် ရခိုင်ကော်မရှင် ကိစ္စများ၊ ရခိုင်ဒေသပြဿနာများ၏ ဖြစ်စဉ်များအပေါ်အခြေခံ၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ အဆိုပါပွဲသို့ ကော့မှူးမြို့နယ် ပါတီဥက္ကဋ္ဌဦးကျော်ဇင်ဟိန်းနှင့် မြို့နယ်ကော်မတီများ၊ ရပ်ကွက်ကျေးရွာပါတီဝင်များ စုပေါင်း အင်အား ၁၅ဝ ခန့်တက်ရောက် ခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)