ဂျူးအခြေချနေထိုင်သူများကို အစ္စရေးလုံခြုံရေးတပ် နှင်ထုတ်

အစ္စရေး လုံခြုံရေးတပ်တွေဟာ အိမ် ၁၅ လုံးက ဂျူးအခြေချ နေထိုင်သူတွေကို ဇွန် ၁၂ ရက်နေ့မှာ ဥပဒေအရ နှင်ထုတ်ခဲ့ပါတယ်။

ဒီအိမ်တွေဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းပါးက ပုဂ္ဂလိကပိုင် ပါလက်စတိုင်းမြေပေါ်မှာ တရားမဝင် ဆောက်ထားတဲ့ အိမ်တွေလို့ အစ္စရေး အဆင့်မြင့်ဆုံး တရားရုံးက ဆုံးဖြတ်ပါတယ်။

အစ္စရေးအစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့ အဲဒီ အိမ် ၁၅ လုံးကို လာမယ့် ရက်အနည်းငယ်အတွင်း ဖြိုချဖို့ တရားရုံးချုပ်က အမိန့်ထုတ်ထားပါတယ်။

အခြေချနေထိုင်မှုကို လိုလားတဲ့ ရာနဲ့ချီတဲ့ လူငယ် တက်ကြွလှုပ်ရှားသူတွေဟာ ဖြိုချခံရမယ့် အိမ်အတော်များများ ဆီကို ဇွန် ၁၂ ရက်က စုရုံးလာခဲ့ပါတယ်။

တချို့က အိမ်အမိုးပေါ်တွယ်တက်ပြီး အစ္စရေးအလံကို လွှင့်တင်ခဲ့ပါတယ်။

ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် နည်းနည်းရှိခဲ့ပေမယ့် ဆန္ဒပြသူတွေဟာ ရဲတွေ ဆွဲခေါ်တဲ့နောက်ကို အသာတကြည် လိုက်သွားကြတာပါ။

အဖြိုခံရမယ့်အိမ်တွေက မိသားစုတွေကို လျော်ကြေးပေးပြီး အနားက ပါလက်စတိုင်းပိုင်မြေ မဟုတ်တဲ့ မြေပေါ်မှာ အိမ်ပြန်ဆောက်ပေးဖို့ စီမံကိန်းကို အစ္စရေးအစိုးရက ကြေညာခဲ့ပါတယ်။

၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း သိမ်းယူတဲ့ အနောက်ဘက်ကမ်းပါးနဲ့ တခြားမြေတွေပေါ်မှာ ဆောက်ထားတဲ့ အစ္စရေး အခြေချရပ်ကွက်အားလုံး တရားမဝင်ဘူးလို့ နိုင်ငံအများစုက ယူဆနေကြပြီး အစ္စရေး အစိုးရကတော့ ဒီအချက်ကို ငြင်းခဲ့ပါတယ်။

DVB