ရွှေ့ပြောင်း ဒုက္ခသည် လှေများကို ကမ်းကပ် ဝင်ရောက်ခွင့် အီတလီ အစိုးရသစ် ပိတ်ပင်

မြေထဲပင်လယ်ကို ဖြတ်ကျော်၍ ခိုလှုံ ရွှေ့ပြောင်းလာသူများကို ဆိပ်ကမ်းများက လက်ခံ ကယ်ဆယ်ခွင့်ကို အီတလီ အစိုးရသစ်က တားဆီး ပိတ်ပင်လိုက်သည်။

အီတလီ လက်ယာစွန်းပါတီ အကြီးအကဲဖြစ်ပြီး လက်ရှိ ပြည်ထဲရေး ဝန်ကြီးအဖြစ် တာဝန်ယူနေသည့် မက်တီယို ဆယ်လ်ဗီနီက ဒုက္ခသည် လှေများကို ကမ်းကပ်ခွင့် ပေးတော့မည် မဟုတ်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် ရွှေ့ပြောင်း ဒုက္ခသည် ၆၂၉ ဦးကို တင်ဆောင်လာသည့် လှေတစ်စီးမှာ ကမ်းကပ်ခွင့် မရဘဲ အခက်အခဲ တွေ့နေရသည်။

ဆယ်လ်ဗီနီက Aquarius လှေကို မော်လ်တာ နိုင်ငံက တာဝန်ယူ လက်ခံသင့်ကြောင်း ပြောကြားခဲ့သော်လည်း မော်လ်တာ အစိုးရက ငြင်းဆိုခဲ့သည်။ မော်လ်တာဖက်က ဂျာမန် ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုဖြစ်သည့် SOS Mediterraneeက အဆိုပါ ဒုက္ခသည်များကို လစ်ဗျား ရေပိုင်နက်မှ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဂျာမနီနှင့် သဘောတူညီမှု ယူထားသည့် အီတလီ အစိုးရတွင် အပြည့်အဝ တာဝန်ရှိကြောင်း တုံ့ပြန်ထားသည်။

ဥရောပ မြောက်ပိုင်းတွင် စစ်မက်ဘေး၊ ဆင်းရဲကျပ်တည်းမှုဘေးများကြောင့် နေရပ်ကို စွန့်ခွာ တိမ်းရှောင် လာကြသည့် ဒုက္ခသည်များအတွက် ဥရောပသို့ သွားရောက်ရန် အီတလီက ပင်မ ဂိတ်ဝကြီးသဖွယ် တည်ရှိနေသည်။ သို့သော် လက်ယာယိမ်း အမျိုးသားရေး ဝါဒီများဖြင့် နေရာပေး ဖွဲ့စည်းထားသည့် အစိုးရသစ်သည် လူဝင်မှု ကြီးကြပ်ရေး ကဏ္ဍနှင့် ပတ်သက်၍ ပိုမို တင်းကျပ်စွာ ကိုင်တွယ်ရန် စီစဉ်လာသည်။

SOS Mediterranee၏ ညွှန်ကြားမှုဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် Aquarius လှေသည် အီတလီ၏ ပိတ်ပင်မှုကြောင့် အီတလီ ကမ်းခြေနှင့် ၃၅ မိုင်အကွာ၊ မော်လ်တာ ပိုင်နက်နှင့် ၂၇ မိုင်အကွာ ပင်လယ်ပြင်တွင် ရပ်နားထားရသည်။

အီတလီရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးခွဲက ယခုပြဿနာအတွက် အမြန်ဆုံး ညှိနှိုင်း အဖြေရှာပေးရန် အီတလီနှင့် မော်လ်တာ အစိုးရများကို တိုက်တွန်းထားကြောင်း သိရသည်။ 

Ref: Reuters