ပိတ်ပင်ထားရာမှာ စီးနင်းခွင့် ပြုတော့မည်ဖြစ်၍ ဆော်ဒီအမျိုးသမီးများ ဆိုင်ကယ်စီး သင်

ရီယတ်ဒ်၊ ဇွန် ၁၂

ကိုယ်ကျပ်ဂျင်းဘောင်းဘီနဲ့ ဟာလီဒေးဗစ်ဆင် တီရှပ်ဝတ်ဆင်လျက် ဆော်ဒီအာရေဗျ အမျိုးသမီးတွေဟာ ရီယတ်ဒ်မြို့က အားကစားကွင်း ပတ်လမ်းမှာ ဆိုင်ကယ်စီးနေကြတယ်ဆိုတာမျိုးဟာ ပြီးခဲ့တဲ့တစ်နှစ်လောက် အတွင်းမှာတောင် စိတ်ကူးနဲ့ ပုံဖော်ဖို့တောင် ခက်မယ့်မြင်ကွင်းပါ။

ဒါပေမယ့် ဆယ်စုနှစ်တွေကြာ အမျိုးသမီးတွေအပေါ် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာကို ဇွန် ၂၄ ရက်မှာ သမိုင်းတွင် ရုပ်သိမ်းတော့မှာဖြစ်တာကြောင့် ဆော်ဒီအမျိုးသမီးတွေဟာ ပုဂ္ဂလိကပိုင် Bikers Skills Institute မှာ အပတ်စဉ် ဆိုင်ကယ်စီးနည်း လာသင်နေကြပါပြီ။

“ကျွန်မက ကလေးအရွယ်တည်းက ဆိုင်ကယ်အရမ်း စီးချင်နေခဲ့တာပါ။”ဆိုပြီး ရှေးရိုးစွဲကြီးတဲ့ အစ္စလာမ္မစ် ဘုရင့်နိုင်ငံအတွင်း အများပြည်သူရဲ့ တုံ့ပြန်မှုတွေကို စိုးရိမ်စိတ်နဲ့ နာမည်ရင်း ပြောဖို့ငြင်းတဲ့ အသက် ၃၁ နှစ်အရွယ် နူရာဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။

အမျိုးသမီးတွေကို ဖိနှိပ်ဆက်ဆံတဲ့ သင်္ကေတအဖြစ် ရေရှည်ရှိနေတဲ့ ယာဉ်မောင်းခွင့် ပိတ်ပင်ထားတဲ့ ကမ္ဘာတစ်ခု တည်းသော နိုင်ငံအဖြစ်ကို ကျော်လွှားဖို့ကို အာဏာပြင်းတဲ့ အိမ်ရှေ့မင်းသား မိုဟာမတ် ဘင်ဆာလမန်က အလွန်သိသာမြင်သာတဲ့ အပြောင်းအလဲကို ဖော်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေ ယာဉ်မောင်းခွင့် ပိတ်ထားတာကို ရေရှည်တိုက်ခိုက်နေတဲ့ တက်ကြွလှုပ်ရှားသူတွေ အပါအ၀င် အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခြင်းတွေဟာ အရိပ်မည်းလွှမ်းနေဆဲပဲ ဖြစ်ပါတယ်။

“ကျွန်မဟာ ကျွန်မ မိသားစုတွေ ဆိုင်ကယ်စီးကြတာကို ကြည့်ရင်းက ကြီးပြင်းခဲ့ရတယ်။ အခုဆို လမ်းပေါ်မှာ ကျွန်မ ဆိုင်ကယ်စီးသွားနိုင်အောင် ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ။”လို့ Yamaha Virago ကို ခွစီးရင်းက နူရာက ပြောခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ သမိုင်းဝင်အပြောင်းအလဲအဖြစ် အမျိုးသမီးတွေ ကားမောင်းနှင်ခွင့် ပိတ်ထားတာကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းမှာ ရုပ်သိမ်းခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

-Ref;AFP