ဟာဝိုင်အီမီးတောင် ချော်ရည်ပူများကြောင့် လူနေအိမ် ရာနှင့်ချီ ထပ်မံပျက်စီး

ပါဟိုအာမြို့အရှေ့ဘက် ကာပိုဟိုဒေသတွင် ချော်ရည်များက နေအိမ်များကို ဖျက်ဆီးနေစဉ် (Terray Sylvester/REUTERS)

 

ကီလာအူအာမီးတောင်မှ ချော်ရည်များ လူနေထိုင်ရာဒေသများကို ဖြတ်သန်းစီးဆင်းလာပြီး ကာပိုဟိုပင်လယ် ကွေ့သို့ ရောက်ရှိသွားစဉ် ယခု သီတင်းပတ်အတွင်း လူနေအိမ် ရာပေါင်းများစွာ ထပ်မံပျက်စီးခဲ့သည်ဟု ဟာဝိုင်အီပြည်နယ်ဒေသဆိုင်ရာ အရပ်ဘက်ကာ ကွယ်ရေး အရာရှိများက ခန့်မှန်းသည်။

နောက်ဆုံးရ တရားဝင်စာ ရင်းများအရ မေလ လဆန်းက ယင်းမီးတောင်စတင်ပေါက်ကွဲပြီးနောက် လူနေအိမ် ၁၅၉ လုံး ပျက်စီးသွားကြောင်း ဖော်ပြသော်လည်း ဟာဝိုင်အီပြည်နယ်ဒေသဆိုင်ရာ အရပ်ဘက်ကာကွယ်ရေး စီစဉ်ညွှန်ကြားရေးမှူး မဂ်နိုက နောက်ထပ်ချော်ရည်များ စီးဆင်းမှုကြောင့် ဒေသနှစ်ခုတွင် လူနေ အိမ် ၃၅၀ နှင့် ၁၄၀ ပျက်စီးခဲ့သည်ဟု ပြောသည်။ အင်္ဂါနေ့က ပျက်စီးသွားသော နေအိမ်များတွင် ဟာဝိုင်အီပြည်နယ်ဒေသ ဆိုင်ရာ မြို့တော်ဝန်ဟယ်ရီကင် ၏ နေအိမ်လည်း ပါဝင်သည်။

 ယင်းချော်ရည်များသည် ကာပိုဟိုပင်လယ်ကွေ့ ရေပြင်ထဲသို့ တစ်မိုင်ခန့်အထိ စီးဆင်းသွားပြီး သေးငယ်သော ဖန်အမှုန်ငယ်များနှင့်အတူ အန္တရာယ်ရှိသော ရေစီးကြောင်းတစ်ခု ဖြစ်ပေါ်နေသည်။

အမေရိကန် ဘူမိတိုင်းတာရေးဌာန၏ ဟာဝိုင်အီမီးတောင် လေ့လာစောင့်ကြည့်ရေးအဖွဲ့က အမှတ်(၈) ပပ်ကြားအက်မှ လေထဲသို့ ပေ ၁၈၀ အမြင့်အထိ ချော်ရည်များ ပန်းထွက်နေကြောင်း ပြောသည်။

အာဏာပိုင်များက ကာပိုဟို ဒေသရှိ လူများကို ပြီးခဲ့သည့် သီတင်းပတ်ကစ၍ ဘေးကင်းရာသို့ ပြောင်းပေးခဲ့ပြီး နောက်ဆုံးကျန်ရှိသော ဒေသခံအများစုကို ဘေးကင်းရာသို့ ပြောင်းရန် စနေနေ့ နံနက်က တိုက်တွန်းခဲ့သည်။ ယင်းနောက် နာရီပိုင်းအကြာတွင် ယင်းဒေသသို့ ဝင်ရောက်ရာလမ်းများသို့ ချော်ရည်များ စီးဆင်း ပိတ်ဆို့ သွားခဲ့သည်။

တနင်္လာနေ့အထိ ချော်ရည်များသည် ၂၁ စတုရန်းကီလိုမီတာ ကျယ်သောဒေသကို ဖုံးလွှမ်းသွားပြီး မီးတောင် စတင် လှုပ်ခတ် ပြီးကတည်းက မြေငလျင်လှုပ် ခတ်မှုပေါင်း ၉,၉၀၀ ခန့် ရှိသည်။

—Ref: Reuters/UPI