စီရော်နယ်ဒိုကျေနပ်အောင် လစာတိုးမပေးနိုင်တော့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်ကနေ စီရော်နယ်ဒို ထွက်တော့မယ်ဆိုတဲ့ သတင်းတွေက ပိုပြီး အသံကျယ်လောင်လာပါတယ်။ အရင်ကလည်း အဲဒီလိုသတင်းတွေထွက်ခဲ့ဖူးသေးပြီး အဲဒီတုန်းကတော့ ရီးရဲလ်ဟာ စီရော်နယ်ဒိုကျေနပ်အောင် ကမ္ဘာ့စံချိန်တင်လစာတွေနဲ့ စာချုပ်သစ်ချုပ်ကာ ကစားသမားကိုဆက်ထိန်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရီးရဲလ်ဟာ အသက် ၃၃ နှစ်အရွယ် စီရော်နယ်ဒိုရဲ့ လက်ရှိလစာကို ထပ်တိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာ စီရော်နယ်ဒိုဟာ တစ်နှစ်လစာ ပေါင် ၂၂ သန်းရရှိနေတာဖြစ်ပြီး ဒါဟာ ဘာစီလိုနာမှာ လစာနဲ့ လက်မှတ်ထိုးကြေးနှစ်ခုပေါင်း တစ်နှစ်ကို အသားတင် ပေါင်သန်း ၄၀ ရနေတဲ့ မက်ဆီ၊ ပီအက်စ်ဂျီမှာ တစ်နှစ်ကို ပေါင် ၃၂ သန်းရနေတဲ့ နေမာတို့နဲ့ ယှဉ်လိုက်ရင်တော့ တော်တော်လေးကို နည်းပါးနေပါတယ်။

ဒါကြောင့်လည်း စီရော်နယ်ဒိုက သူ့ရဲ့လစာကို ပြိုင်ဘက်တွေနဲ့ တန်းတူဖြစ်သွားတဲ့အထိ တိုးမြှင့် ရယူချင်နေတာ ဖြစ်ပြီး သူ့ရဲ့ကိုယ်စားလှယ်တွေကို ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေး ညှိနှိုင်းစေခဲ့ပေမယ့် အသင်းဘက်ကတော့ လက်ရှိ လစာထက် ထပ်တိုးပေးဖို့ ဆန္ဒမရှိဘူးဆိုတာကို အတိအလင်း ပြောခဲ့တယ်လို့ စပိန်သတင်းစာတွေက ဖော်ပြကြပါတယ်။ ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်နဲ့ စီရော်နယ်ဒိုတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေက ပိုမိုလှုပ်ခတ်လာကြတာဖြစ်ပြီး နေမာကို ရီးရဲလ်ကခေါ်ယူကာ ပီအက်စ်ဂျီက နေမာနေရာမှာ စီရော်နယ်ဒိုနဲ့ ပြန်လည် အစားထိုးတာမျိုး ဖြစ်လာနိုင်ချေရှိတယ်ဆိုပြီးလည်း ခန့်မှန်းနေကြပါတယ်။

စီရော်နယ်ဒိုဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိထားပြီး သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးကလည်း ယူရို ၁ ဘီလျံအထိရှိလို့ တော်ရုံအသင်းခေါ်နိုင်ဖို့တော့ မလွယ်လောက်ပါဘူး။

 

The One Sports Journal