ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်အဖွဲ့ ဆင်းရဲမှုပပျောက်ရေးမူဝါဒနှင့် ကွမ်ရှီးပြည်နယ်၏လုပ်ဆောင်ချက်များဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ချစ်ကြည်ရေးအဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကွမ်ရှီးပြည်နယ်သင်တန်းကျောင်းခန်းမ၌ သင်တန်းကျောင်းအုပ်ဆရာကြီးပါမောက္ခ မစ္စတာလီကျင့်ရွှင် ဦးဆောင်ဆွေးနွေးသည့် ဆင်းရဲမှုပပျောက်ရေး မူဝါဒနှင့် ကွမ်ရှီးပြည်နယ်၏လုပ်ဆောင်ချက်ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီး မေးမြန်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
ထို့နောက် ကွမ်ရှီးပြည်နယ်(International Conference Center) ၌ တရုတ်ကွန်မြူနစ်ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့်ပြည်နယ်အမြဲတမ်း ကော်မတီအတွင်းရေးမှူး မစ္စတာဖန်လင်မင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ပါတီနှစ်ခုကြား အပြန်အလှန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တရုတ်ကွန်မြူနစ် ပါတီစည်းကမ်းထိန်းသိမ်းရေးတာဝန်ခံမှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာအား ချစ်ကြည်ရင်းနှီးစွာစားသုံးခဲ့ကြပြီး ကွမ်ရှီးပြည်နယ် ဆေးဖက်ဝင် ရုက္ခဗေဒဥယျာဉ်သို့ သွားရောက်လေ့လာခဲ့ကြသည်။
ထို့နောက် ကွမ်ရှီးပြည်နယ် နန်နင်းမြို့ ရှုခင်းများကို မော်တော်ယာဉ် ဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး ည ၁၁ နာရီတွင် တည်းခိုရာပါတီ သင်တန်း ကျောင်းသို့ ပြန်လည်ရောက်ရှိပြီး ညအိပ်ရပ်နားခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ ဦးဆောင်သောချစ်ကြည်ရေးအဖွဲ့ဝင် ၂၁ ဦးသည် ယခုလ ၃ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင် ထွက်ခွာခဲ့ကြပြီး ညနေ ၅ နာရီ ၃၅ မိနစ်တွင် ကွမ်ရှီးပြည်နယ်သို့ ရောက်ရှိ ပြီးနောက် ကွမ်ရှီးပြည်နယ် သင်တန်းကျောင်းတွင် ညအိပ်ရပ်နားခဲ့ကြသည်။

မေတ္တာ သူ