ဆန္ဒပြမှုများအပြင် ဘုရင်ကိုယ်တိုင် တောင်းဆိုမှုကြောင့် ဂျော်ဒန် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်
အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြင်းထန်လာသည့်နောက် ဂျော်ဒန် ဝန်ကြီးချုပ် ဟာနီ မူလ်ကီသည် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။
လောင်စာဆီဈေးနှင့် အခြားသော ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်းကြောင့် ပြည်သူ့ထောက်ခံမှု ကျဆင်း လာချိန်တွင် အခွန်စည်းကြပ်မှုများ မြှင့်တင်ရန် မူလ်ကီက ကြိုးစားလာသည့်နောက် ပြည်သူများက ဒေါသတကြီး တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက ဂျော်ဒန်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများသည် နှစ်အပိုင်းအခြား အတော်များများအတွင်း ဂျော်ဒန်၌ ဖြစ်ပွားခဲ့သည့် အင်အားအကြီးဆုံးသော အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများ လည်း ဖြစ်လာသည်။
ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြား ပဋိပက္ခများလည်း ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းရေး မငြိမ်သက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဆန္ဒပြသူများက မူလ်ကီ၏ အခွန်စည်းကြပ်မှု မူဝါဒသစ်သည် နိုင်ငံ၏ လူလတ်တန်းစားနှင့် ဆင်းရဲသားများကို ဆိုးဆိုးရွားရွား နစ်နာထိခိုက်စေလိမ့်မည်ဟု ဝေဖန်ကြသည်။
မူလ်ကီကမူ ၎င်း၏ အဆိုကို ရုပ်သိမ်းရန် ငြင်းဆန်ခဲ့ပြီး တရားဝင် ကျင့်သုံးရန် သင့်မသင့် လွှတ်တော်က ဆုံးဖြတ်လိမ့်မည်ဟု ခေါင်းမာမာ အကြောင်းပြခဲ့သည်။ အခြေအနေများ ဆိုးရွားလာသည့်နောက် ဂျော်ဒန် ဘုရင် အက်ဘ်ဒူလာ ကိုယ်တိုင်က မူလ်ကီကို ရာထူးမှ နုတ်ထွက်ပေးရန် ဝင်ရောက် တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်။
မူလ်ကီသည် ၂၀၁၆ ကတည်းက ဂျော်ဒန် ဝန်ကြီးချုပ် ရာထူးကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သံအရာရှိဟောင်းနှင့် ဝန်ကြီးဟောင်း တစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်ဟား ဖော်ဇီမူလ်ကီ၏ သားအရင်းလည်း ဖြစ်သည်။ ဘုရင်ကိုယ်တိုင်က ပါဝင်တောင်းဆိုလာသည့် အခြေအနေတွင် မူလ်ကီ အနေဖြင့် ရာထူးစွန့်ရန် ဆုံးဖြတ်ခဲ့ရသည်။ ဘုရင့်နိုင်ငံ တစ်ခုဖြစ်သော ဂျော်ဒန်တွင် ဘုရင်သည် အစိုးရကို ခန့်အပ်ပိုင်ခွင့်၊ ဥပဒေပြုခွင့် အာဏာများ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
မူလ်ကီ နုတ်ထွက်သွားသည့်နောက် ၎င်း၏ နေရာကို ပညာရေးဝန်ကြီး အိုမာ ရာဇက်က ဆက်ခံကာ အစိုးရသစ်ကို ဖွဲ့စည်းမည် ဖြစ်သည်။ ဟားဗက်တက္ကသိုလ်မှ စီးပွားရေး ဘွဲ့ရခဲ့သည့် ရာဇက်သည် ပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦး အနေဖြင့်လည်း လူသိများပြီး ကျဆင်းနေသည့် ဂျော်ဒန် စီးပွားရေးကို ပြန်လည် ဦးမော့စေရန် ရုန်းကန် ကြိုးစားသွားရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။
Ref: Reuters