ဒူတာတေးက ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူအား ”ငရဲကိုသွား”ဟု ပြောခဲ့

မနီလာ ဇွန် ၃

ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းတရားသူကြီးကို သတိပေးခြိမ်းခြောက် ခဲ့သည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးကို ဝေဖန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတက ကုလသမဂ္ဂလူ့အခွင့် အရေးကျွမ်းကျင်သူတစ်ဦးအား ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သည်ဆိုကာ ”ငရဲကိုသွား”ဟု ပြောခဲ့သည်။

တရားသူကြီးများနှင့် ဥပဒေသမားများ လွတ်လပ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ဒီဂိုဂါစီယာစေယန် က ယခင် တရားသူကြီးချုပ် မာရီယာလော့ဒက်စ်ဆီရီနိုကို ဆန့်ကျင်သည့် သမ္မတ၏ ကြေညာချက်သည် တရားရေးမဏ္ဍိုင်ကို ပြင်းပြင်း ထန်ထန် ထိခိုက်စေခဲ့ကြောင်း ပြောပြီးနောက် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရအငြင်းပွားအဆိုပြုချက်များကို ဆန့်ကျင်ထောက်ခံခဲ့သည့်အတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တရားသူကြီးချုပ် ဆီရီနိုကို အ္တရာယ်ရှိသူအဖြစ် ဖော်ပြခဲ့သည်။ လွန်ခဲ့သောလ ကလည်း ဖိလစ်ပိုင်အဆင့်မြင့်ဆုံး တရားရုံးက တရားသူကြီးချုပ် ဆီရီနိုကို ထုတ်ပယ်ရန် ဆန္ဒမဲပေးခဲ့သည်။ ၄င်းကို ထုတ်ပယ်လိုက်ခြင်းက အခြားတရားရေးမဏ္ဍိုင်များတွင် လုပ်ကိုင်နေသူများကို ဂယက်ရိုက်စေခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူအား မိမိတို့နိုင်ငံ၏ ကိစ္စကို ဝင်မစွက်ဖက်ရန်နှင့် ငရဲကိုသွားရန် ပြောကြားလိုကြောင်း ဒူတာတေးက မနီလာ၌ သတင်းထောက်များကို ပြောခဲ့သည်။ သူသည် အထူးပုဂ္ဂိုလ် မဟုတ်ကြောင်း၊ သူ၏ စာတမ်းတင်သွင်းမှု အပေါ်လည်း အသိအမှတ်မပြုကြောင်း ဒူတာတေးက ပြောခဲ့သည်။

အသက် ၇၃နှစ်ရှိ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ယခင်ကတည်းက စကားများကို စိတ်လိုက်မာန်ပါ ပြောလေ့ရှိသည်။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး အာဏာရလာပြီးနောက် မူးယစ်တိုက်ဖျက်ရေးစစ်ပွဲများကို ပြင်းပြင်းထန်ထန် ဆင်နွဲခဲ့သည်။

 

-Ref; AFP