ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆောအရိုးစုအား ချီကာဂိုတွင် ပြသမည်

ချီကာဂို၊ ဇွန် ၁

တူးဖော်တွေ့ရှိသမျှတွင် အကြီးဆုံးဖြစ်သော ဒိုင်နိုဆောအရိုးစုအား ချီကာဂိုရှိ Field Museum ပြတိုက်တွင် ပြန်လည်ဆက်စပ်တည်ဆောက်ကာ ဇွန် ၁၅ ရက်မှစပြီး ဖွင့်လှစ်ပြသမည်ဖြစ်သည်။

အရှည် ၃၇ မီတာ(၁၂၂ ပေ) ရှိသော Maximo ဟု အမည်ပေးထားသည့် အဆိုပါ ဒိုင်နိုဆောအရိုးစုသည် ပြတိုက်ရှိ Stanley Field ဟောခန်းတွင် သုံးခုမြောက် အဖြစ်နေရာယူရာ အရိုးစု၏ ဦးခေါင်းအထိ အမြင့်မှာ ၈ ဒဿမ ၅၄ မီတာ(၂၈ ပေ) မြင့်သည်။

Maximo သည် လည်တိုင်ရှည် အကြီးစားအပင်စားဒိုင်နိုဆောဖြစ်ပြီး တစ်တန်နိုဆောမျိုးဝင်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပြတိုက်ကို လာရောက်လည်ပတ်သူတွေကို ဖြစ်နိုင်သမျှ အကောင်းဆုံး ဒိုင်နိုဆောအတွေ့အကြုံတွေ မြင်တွေ့သွားစေချင်လို့ပါ။ Stanley Field ဟောခန်းထဲ ဝင်တာနဲ့ လာရောက်သူတွေ ဒိုင်နိုဆောကြီးကို တန်းမြင်စေချင်တယ်။”ဟု ပြတိုက် ဥက္ကဌရစ်ချက်က ပြောသည်။

“ဒီတစ်တန်နိုဆော အရိုးစုသစ်ကြီးဟာ တော်တော်ကြီး ကြီးပြီး အံ့သြစရာကောင်းတယ်။ ကမ္ဘာ့မှာ အကြီးဆုံး ဒိုင်နိုဆောအဖြစ် ပြသတော့မှာဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

ပြသမည်မှာ Maximo ကိုချည်း သက်သက်မဟုတ်ဘဲ Maximo အရိုးစုကြီး၏ ပတ်လည်တွင် လွင့်မျောဥယျာဉ်နှင့် ကျောင်းကားတစ်စီး၏ အလျားအရှည်ခန့်ရှိသော ၉ ဒဿမ ၇ မီတာခန့် ရှည်သည့် အကြီစားပျံသန်း တွားသွားသတ္တဝါများကိုပါ ပြသထားမည်ဖြစ်သည်။

EFE_EPA