အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းတွင် တိုက်စစ်မှူးအောင်သူပါဝင်မည်

Goal.com က ထိုင်းလိဂ်တစ်ပတ်တာအကောင်းဆုံးကစားသမားအဖြစ် အောင်သူကိုရွေးချယ်(ဓာတ်ပုံ – Police Tero)

 

အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ ဘောလုံးအသင်းတွင် ထိုင်းလိဂ်၌ကစားနေသော တိုက်စစ်မှူး အောင်သူ ပါဝင်မည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း က ပြောသည်။

အာရှအားကစားပြိုင်ပွဲ ကျင်းပမည့်ကာလတွင် ထိုင်းလိဂ် (၁)ပြိုင်ပွဲကို ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်း ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အောင်သူကိုရွေးချယ်နိုင်ရန် Police Tero အသင်းနှင့် ညှိနှိုင်းရာအဆင်ပြေကြောင်း ၎င်းက ပြောသည်။

အာရှအားကစားပြိုင်ပွဲသည် ဖီဖာအသိအမှတ်ပြုပြိုင်ပွဲ မဟုတ်သော်လည်း Police Tero အသင်း၏ စေလွှတ်မှုကြာင့် အောင်သူအနေဖြင့် မြန်မာယူ-၂၃ အသင်း၌ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း ဦးကိုကိုသိန်းက ဆို သည်။

‘‘အောင်သူပါဝင်ခွင့်ရဖို့အတွက် ကျွန်တော်တို့ညှိနှိုင်းမှုတွေ လုပ်ခဲ့ရပေမယ့် Police Tero အသင်းရဲ့နားလည် ပေးမှုကြောင့် ပါဝင်ခွင့်ရခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဘောလုံးအဖွဲ့ချုပ်ဘက်က အောင်သူရဲ့သွားလာစရိတ် ကုန်ကျခံပေးရပါတယ်။ ဒါ့အပြင် ပွဲအတွင်းမှာ ဒဏ်ရာအနာတရ ရှိခဲ့ရင်လည်း ကုသပေးမှုအားလုံးကို ကုန်ကျခံ ပြုလုပ်ပေးရမှာပါ’’ ဟု ဦးကိုကိုသိန်းက ပြောသည်။

(၁၈)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲကို ဩဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။

သို့သော် အာရှအားကစား ပြိုင်ပွဲအကြိုအဖြစ် မြန်မာနိုင်ငံက လက်ခံကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းတွင် အောင်သူပါဝင်ရန် မသေချာသေးကြောင်း ဦးကိုကို သိန်းက ပြောသည်။

အသက်(၂၂)နှစ်အရွယ် အောင်သူသည် ၂၀၁၈ ဘောလုံးရာသီတွင် မြန်မာလိဂ်ကလပ် ရတနာပုံမှ ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းသို့ လစာ ကန်ဒေါ်လာ ၇,၀၀၀ ဖြင့်တစ်ရာ သီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ခဲ့သည်။ အောင်သူသည် ယခုနှစ် ဘောလုံးရာသီတွင် Police Tero အသင်းအတွက် ၁၆ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်ထားသည်။

မြန်မာယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဂျာမနီလူမျိုး အန်တွမ်နီဟေးက တာဝန်ယူကိုင် တွယ်မည်ဖြစ်ပြီး ဇူလိုင်တတိယ ပတ်တွင် စတင်လေ့ကျင့်မည်ဖြစ် သည်။ မြန်မာအသင်းအနေဖြင့် ၁၉၉၄ နောက်ပိုင်း အာရှအား ကစားပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ ယခုနှစ်မှသာပြန်လည်ယှဉ် ပြိုင်ရန် စီစဉ်ခြင်းဖြစ်သည်။ 

7Days