ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံ အစုအဖွဲ့ ၁ မှ နိုင်ငံရေးမျိုးဆက်သစ် အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေး

နေပြည်တော်၊ မေ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပြုလုပ်ကျင်းပသည့် လူငယ်ညီလာခံဖွင့်ပွဲ (ပထမနေ့)အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပါတီဌာနချုပ် ပြည်ထောင်စုခန်းမတွင် ပြုလုပ်ကျင်းပခဲ့ရာ ပါတီဗဟိုအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဗဟိုအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါညီလာခံကျင်းပရာသို့ မြန်မာတစ်နိုင်ငံလုံးမှ ပါတီဝင်လူငယ်အင်အား တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါညီလာခံဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားပြီးနောက် တက်ရောက်လာကြသော ပါတီဝင်လူငယ်များအား “လူငယ်စွမ်းအားမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ၂၀၂၀ အောင်နိုင်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ နိုင်ငံရေးမျိုးဆက်သစ်”ဟူသော ခေါင်းစဉ်လေးမျိုးဖြင့် အစုအဖွဲ့ ၄ ဖွဲ့ခွဲကာ ဆွေးနွေးစေခဲ့သည်။
ယင်းသို့ အစုအဖွဲ့ ၄ ဖွဲ့ ဖွဲ့ခဲ့ပြီးနောက် အစုအဖွဲ့ ၁ တွင် အခမ်းအနားသဘာပတိအဖြစ် ဦးသိန်းထွန်းဦး က ဆောင်ရွက်ပြီး တွဲဘက်သဘာပတိများအဖြစ် ချင်းပြည်နယ်မှ ဦးလာန်ဂိုးပေါင်၊ မန္တလေးတိုင်းဒေသကြီးမှ ဒေါ်သိင်္ဂီအောင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဦးစိုင်းကမ်းကော်၊ ဧရာဝတီတိုင်းဒေသကြီးမှ ဦးသက်လင်း ရခိုင်ပြည်နယ်မှ ဦးစန်းငွေတို့က ဆောင်ရွက်ကြပြီး သဘာပတိ ဦးသိန်းထွန်းဦးမှ အမှာစကားပြောကြားခဲ့သည်။
အစုအဖွဲ့ ၁ ၏ ဆွေးနွေးရမည့် “နိုင်ငံရေးမျိုးဆက်သစ် အခန်းကဏ္ဍ”ဟူသော ခေါင်းစဉ်အရ ဆွေးနွေးသွားကြရမည်ဖြစ်ရာ အဆိုပါခေါင်းစဉ်နှင့်ပတ်သက်၍ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့/အနောက်) မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ တက်ရောက်လာကြသော လူငယ်များအစုအဖွဲ့တို့မှ တိုင်းနှင့်ပြည်နယ်အလိုက် အသီးသီး ဆွေးနွေးခဲ့ကြပြီး ပထမပိုင်းအစီအစဉ်အား ခေတ္တရပ်နားခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း/မြောက်ပိုင်း/အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေတို့မှ ဆွေးနွေးခဲ့ကြသည်။
ထို့နာက် သဘာပတိမှ ပါတီဝင်လူငယ်များ ဆွေးနွေးမှုအပေါ် လိုအပ်ချက်များအား ဖြည့်စွက်ပြောကြားပြီး အစုအဖွဲ့ခေါင်းဆောင်များ ပြုစုထားသည့် စာတမ်း(မူကြမ်း)အား ဖတ်ကြားတင်ပြခဲ့ကြကာ အစုအဖွဲ့ဆွေးနွေးမှုအား ရုပ်သိမ်းခဲ့ကြသည်။

ပြည်သူ့ဆက်ဆံရေး