ရာမို့စ်ကို အရေးယူရန် လက်မှတ်ရေးထိုးတောင်းဆိုသူ ၄ သိန်းခွဲကျော်ရှိ

30 May 2018

ရီးရဲလ်နောက်ခံလူ ရာမို့စ်ကို အရေးယူဖို့အတွက် လက်မှတ်ထိုးတောင်းဆိုတဲ့ အရေအတွက်ဟာ ၄ သိန်းခွဲကျော် လာပါတယ်။

မေလ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးတိုက်စစ်မှူး ဆာလက်ကို ရီးရဲလ် နောက်ခံလူ ရာမို့စ်က ဆွဲလှဲချခဲ့တယ်လို့ လီဗာပူး ဘောလုံးပရိသတ်တွေက စွပ်စွဲထားပါတယ်။

ဆာလက်ဟာ ရာမို့စ်နဲ့ ဘောလုံးယှဉ်လုအပြီးမှာ မြက်ခင်းပေါ် အရှိန်နဲ့လဲကျသွားပြီး ပခုံးဒဏ်ရာ ရရှိခဲ့တဲ့အတွက် ပွဲကို ဆက်ပြီး ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရာမို့စ်က ဆာလက်ကို တမင်လှဲချပြီး ဒဏ်ရာရအောင် ပြုလုပ်ခဲ့တယ်လို့ လီဗာပူး ပရိသတ်တွေက ယူဆကြပါတယ်။

ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးက အရေးယူခြင်း မရှိခဲ့ပေမယ့် လီဗာပူးပရိသတ်တွေနဲ့ ဘောလုံးပရိသတ် တချို့ကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ကို အရေးယူဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာပါ။

ဖီဖာနဲ့ ယူအီးအက်ဖ်အေတွေအနေနဲ့ ဒီလိုကိစ္စတွေမှာ ရုပ်သံပြန်ကြည့်ပြီး အရေးယူသင့်တယ်လို့ လီဗာပူး ပရိသတ်တွေက ဆိုကြပါတယ်။

By ဒီဗွီဘီ