မှတ်ပုံတင် ၂ခု ကိုင်ဆောင်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး တရားစွဲခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးကို နိုင်ငံသားစိစစ်ရေးကတ် ၂ ခု ကိုင်ဆောင်မှုနဲ့ မော်လမြိုင်မြို့နယ်တရားရုံးက မေ ၂၉ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြားကို လိမ်လည်ရန်အလို့ငှာ အတုပြုကိုင်ဆောင်တာ၊ မရိုးမဖြောင့်တဲ့ သဘောနဲ့ ဖခင်အမည်နဲ့ လူမျိုးကို ဖုံးကွယ်လိမ်လည်ခဲ့တယ်ဆိုပြီး မော်လမြိုင်မြို့နယ် လ.၀.က ဦးစီးမှူး ဦးအေးမင်းက ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဒိုင်းဝန်ကွင်းနယ်မြေ ရဲစခန်းမှာ တရားလိုပြုလုပ် တိုင်ကြားခဲ့တဲ့အမှုကို မနေ့က စတင် တရားစွဲလိုက်တာ ပါ။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုင်ဆောင်ခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ အောက်လမ်းမှာ နေထိုင်တဲ့ ဒေါ်ချိုအေး ကိုင်ဆောင်တဲ့ ကတ်ပြားအမှတ် ၁၀/သထန(နိုင်) ၀၉၉၈၇၁နဲ့ တူနေတာကြောင့် ရပ်ကွက်နေ ပြည်သူတွေက မွန်ပြည်နယ် လွှတ်တော်ကိုတင်ပြ တိုင်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနဲ့ အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် ၂၇/၂၀၁၇ ရဲ့ ဆုံးဖြတ်ချက် အပိုဒ် ၃(ခ)(၁) အရ အုပ်ချုပ်ရေးမှူး တယောက်အနေနဲ့ အရည်အချင်းမရှိဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ကို အကြောင်းကြားစာ ပေးပို့ထားကြောင်း ပြည်နယ်လွှတ်တော်ရုံးက သိရပါတယ်။

DVB