၂ဝ၁၈ လူငယ်ညီလာခံအကြို ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား မြန်အောင်၌ ကျင်းပ

မြန်အောင်၊ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကနောင်တိုက်နယ် ငါးပိဆိပ်အုပ်စု ညောင်ဝင်းကျေးရွာ ဘုန်းတင့်စံဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ၂ဝ၁၈ လူငယ်ညီလာခံအကြို ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအားသီဆို၍ ဖွင့်လှစ်ခဲ့ပြီး နောက်ညောင်ဝင်းကျေးရွာမှ ဒေါ်နွယ်နီဝင်းက ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ခဲ့ခြင်းအပေါ် ရှင်းလင်းပြောကြားခြင်း နှင့် ညောင်ဝင်းကျေးရွာတွင် နေထိုင်သူ ဦးဌေးကြိုင်က ပါတီသို့ဝင်ရောက်ရခြင်းအပေါ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ငါးပိဆိပ်ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဦးသောင်းတင်က ငါးပိဆိပ်အုပ်စုရှိ နယ်မြေအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ ကနောင်တိုက်နယ် မြို့နယ်ပါတီကော်မတီဝင် ဦးမျိုးမင်းသန်းမှ ကနောင်တိုက်နယ်အတွင်းရှိ လက်ရှိပါတီဝင်အင်အားနှင့် ဆက်လက်ပြီး အသစ်ဝင်ရောက်လာသည့် ပါတီဝင်အင်အားအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းက ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ထို့နောက် ငါးပိဆိပ်အုပ်စု ပါတီဥက္ကဋ္ဌ ဦးသောင်းတင်က ပါတီဝင်အသစ်အဆိုပြုလွှာ ၁၃ဝ ကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းသို့ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေး၏ မေ ၂၁၊ ၂၅ ရက်တို့တွင် ကွမ်းခြံကုန်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့တွင် ပြုလုပ်ခဲ့သော ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား များတွင် ပြောကြားခဲ့သည့်မိန့်ခွန်းများကို ကောက်နုတ်၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးနေဝင်းဇော်က ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်ဘဏ္ဍာရေးမှူး ဒေါ်ယဉ်မြတ်သူက အမျိုးသမီးထုဖြင့် ပါတီအောင်နိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် တာဝန်ရှိသူများက ပါတီဝင် အသစ်များကို ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်ရှိ ကနောင်တိုက်နယ်တွင် ၂ဝ၁၈ခုနှစ်အတွင်း ပြည်ခိုင်ဖြိုးပါတီသို့ ယခုဝင် ရောက်ခဲ့သည့် ပါတီဝင်အသစ် ၁၃ဝ အပါအဝင် ပါတီဝင်အသစ် ၄ဝဝကျော်ဝင်ရောက်ခဲ့ပြီး ပါတီဝင်အဆိုပြုလွှာများကိုလည်း ပါတီဝင်အသစ်များက ဆက်လက်ဖြည့် သွင်းလျက်ရှိကြောင်း ကနောင်တိုက်နယ်တာဝန်ခံ ဦးမျိုးမင်းသန်းက ပြောသည်။

ဇင်မိုးလေး(မြန်အောင်)