ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ (၂ဝ၁၈) မေ ၂၉ မှ ၃၁ ရက်အထိ ကျင်းပမည်

နေပြည်တော်၊ မေ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ (၂ဝ၁၈) အခမ်းအနားကို ပါတီဌာနချုပ် (နေပြည်တော်) ၌ ယခုလ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီမှ စတင်ကျင်းပသွားမည်ဖြစ်သည်။

လူငယ်ညီလာခံ၏ ရည်ရွယ်ချက်များမှာ မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းတာဝန်ပေးအပ်နိုင်ရန်၊ လူငယ်များ၏ စွမ်းရည် မြှင့်တင်ရန်နှင့် လူငယ်များဘဝမြင့်မားတိုးတက်စေရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး အစရှိသည့်ကဏ္ဍများတွင် လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်နိုင်ရန်၊ လူငယ်ကဏ္ဍဖြင့် နိုင်ငံ၏စွမ်းဆောင်ရည်မြင့်တက်စေ၍ အမျိုးသားရေးစိတ်ဓာတ်များ ရင့်သန်ခိုင်မာစေရန်၊ အရည်အသွေး မြင့်မားသော ပညာရပ်ဆိုင်ရာလူငယ်များ များပြားစွာပေါ်ထွက်လာရန်၊ လူငယ်များအတွက် အသက်မွေး ဝမ်းကျောင်း ပညာအပါအဝင် ပညာရည်မြင့်တင်ရေးနှင့် အလုပ်အကိုင်ရရှိရေး ကဏ္ဍတိုးမြင့်ရန်၊ နိုင်ငံတော် အကျိုးစီးပွား ကြွယ်ဝရေးနှင့် လူ့ဘောင်အသိုင်းအဝိုင်း အကျိုးပြုရေးလုပ်ဆောင်မှုများတွင် လူငယ်များကိုယ်တိုင် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန်နှင့် လူငယ်ဆိုင်ရာ လှုပ်ရှားမှုများအား နိုင်ငံတကာနယ်ပယ်အသီးသီးနှင့် ကျယ်ဝန်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည်တို့ဖြစ်ကြောင်း သိရသည်။