မော်လမြိုင်ကျွန်းမြို့နယ် ၊ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပ

မော်လမြိုင်ကျွန်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး၌ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော် အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၁၂၁) အုပ်စုမှ အသစ်ဝင်ရောက်လာကြသော ပါတီဝင်များ၏ အဆိုပြုလွှာပေါင်း ၆၀၃ စောင်ကို နယ်မြေ ကိုယ်စားပြု ရပ်ကျေးပါတီဥက္ကဌ (၆) ဦးက ပေးအပ်ရာ သက်ဆိုင်ရာနယ်မြေမှူး မြို့နယ်ပါတီကော်မတီဝင်များက အသီးသီး လက်ခံကြပါသည်။

ဆက်လက်၍ ခရိုင်ပါတီကော်မတီဝင် ဦးချစ်သိန်းမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း (၂၇) ပါတီ၏ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာအား ဖတ်ကြားခြင်း ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ဇော်လှိုင်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဘောထားထုတ်ပြန်ချက် (၁/၂၀၁၈)၊ (၂/ ၂၀၁၈) နှင့် (၃/၂၀၁၈)တို့ကို ဖတ်ကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် မြို့နယ်ပါတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို (၁၀:၃၅) အချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်ပါတီကော်မတီများ၊ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ စုစုပေါင်း (၁၃၅ ) ဦး တက်ရောက်ခဲ့ကြပါသည်။