အမေရိကန်အကျဉ်းသားကို လွှတ်ပေးသော်လည်း ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန် ဆက်လက်အရေးယူပိတ်ဆို့

ဗင်နီဇွဲလားက လွှတ်ပေးသော အမေရိကန်သာသနာပြု ဂျိုရှာဟိုလ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်အတူ တွေ့ရစဉ် (Yuri Gripas/reuters)

 ဗင်နီဇွဲလားနိုင်ငံ၌ ၂ နှစ်ကြာ အကျဉ်းကျနေသော အမေရိကန်အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးတို့ကို စနေနေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဝါရှင် တန်အစိုးရအနေဖြင့် ဗင်နီဇွဲလား အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည်ဖြစ်ကြောင်း ကန် ဒုသမ္မတမိုက်ပင့်စ်ကပြောသည်။

ဂျိုရှာဟိုလ်နှင့် ဗင်နီဇွဲလား နိုင်ငံသူ ဇနီး သာမီတို့သည် ၎င်းတို့ကို ပြန်လွှတ်ပေးရေး ဗင်နီဇွဲလားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သော ကန်အထက်လွှတ်တော်အမတ် ဘော့ဘ်ကိုကာနှင့်အတူ အမေရိကန်သို့ ပြန်လည် ရောက်ရှိလာသည်။
ဂျိုရှာဟိုလ်သည် ဇာတိမြေသို့ ပြန်လည်ရောက်လာပြီးနောက် အိမ်ဖြူတော်၌ သမ္မတ ဒေါ်နယ် ထရန့်နှင့်လည်း တွေ့ဆုံခဲ့သည်။

ဂျိုရှာဟိုလ်နှင့် ဇနီးသည်တို့ သည် လက်နက်များ သိုဝှက်ထားသည်ဟူသော စွပ်စွဲချက်ဖြင့် ဗင်နီဇွဲလားတွင် ၂ နှစ်ကြာ အကျဉ်းကျခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရို၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ ဇနီးမောင်နှံနှစ်ဦးကို လွှတ်ပေးခြင်းသည် ဗင်နီဇွဲလားနှင့် အမေရိကန်အကြား ဆွေးနွေးမှုများ တိုးတက်လာရေး ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

မာဒူရိုသည် ပြီးခဲ့သည့် သီတင်းပတ်တွင် နိုင်ငံကို ခြောက်နှစ်ကြာ အုပ်ချုပ်ရန် ပြန်လည်ရွေးကောက် ခံရသော်လည်း ထိုရွေးကောက်ပွဲရလဒ်ကို အမေရိကန် က အသိအမှတ်မပြုခဲ့ပေ။

 ထိုရွေးကောက်ပွဲရလဒ်ကို အတိုက်အခံက သပိတ်မှောက်ခဲ့ကာ မဲမသမာမှုများ ရှိခဲ့သည်ဟု အမေရိကန်အစိုးရက အခိုင်အမာပြောကြားခဲ့သည်။

ဗင်နီဇွဲလားသည် ဝါရှင်တန် အစိုးရ၏ အရေးယူပိတ်ဆို့မှု မူဝါဒများကို ပြောင်းလဲရေး ဆွေးနွေးရန် ဂျိုရှာဟိုလ်ကို အသုံးချနေကြောင်း အမေရိကန်က ယခင် စွပ်စွဲခဲ့သည်။

ဂျိုရှာဟိုလ်သည် အုတ်တရာပြည်နယ်မှ သာသနာပြုဝန်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး ၂၀၁၆ ဇွန်လတွင် ဗင်နီဇွဲလား နိုင်ငံသို့ သွားရောက်ကာ ဗင်နီဇွဲလားနိုင်ငံသူ သာမီကန်ဒီလိုနှင့် လက်ထပ်ခဲ့သည်။       

—Ref: BBC