ထရပ်ကားဒရိုင်ဘာများ၏ သပိတ်မှောက်မှု ရပ်ဆိုင်းရေး ဒီဇယ်ဈေးနှုန်းများ လျှော့ချမည်ဟု ဘရာဇီးသမ္မတ ကတိပြု

ဘရာဇီးနိုင်ငံတွင် ထရပ်ကားဒရိုင်ဘာများ၏ သပိတ်မှောက်ဆန္ဒပြနေမှုများ ပိတ်သိမ်းရပ်ဆိုင်းသွားရေးအတွက် ဒီဇယ်ဈေးနှုန်းများကို လျှော့ချပေးသွားမည်ဟု သမ္မတ မိုက်ကယ် တီမာက ကြေညာလိုက်သည်။

အဆိုပါ နိုင်ငံတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ၀င်ငွေထိခိုက်ရသည်ဟု ဆိုကာ ထရပ်ကားသမားများက လမ်းများပေါ်တွင် ပိတ်ဆို့သပိတ်မှောက်နေခဲ့ကြခြင်း ဖြစ်သည်။

 ၎င်းတို့၏ သပိတ်မှောက်မှုသည် ယခုအခါ ရက်ပေါင်း ခုနစ်ရက် ကျော်လာခဲ့ပြီဖြစ်ကာ နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး စနစ်အပေါ် ထိခိုက်နှောင့်နှေးမှုများ ဖြစ်ပေါ်စေနေလျက်ရှိကြောင်း သိရသည်။

ယခုအခါ သပိတ်သမားများကို အလျှော့ပေးသည့်အနေဖြင့် နိုင်ငံတွင် ဓာတ်ဆီ တစ်လီတာကို ဒေါ်လာ ၀ ဒသမ ၁၃ ခန့်နှုန်းဖြင့် လျှော့ချပေးသွားရန် သမ္မတ မိုက်ကယ်တီမာက ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ယင်းဈေးနှုန်း လျှော့ချထားမှုကို ရက် ၆၀ ကြာ မပြောင်းမလဲဘဲ သတ်မှတ်ထားရှိရန်လည်း သဘောတူလိုက်ပြီဖြစ်သည်။

ယင်းကဲ့သို့ ဆီဈေးနှုန်းများ လျှော့ချပေးနိုင်ရန်အတွက် အစိုးရဘက်ကလည်း ယင်း လောင်စာဆီ တင်သွင်းမှုအပေါ် သတ်မှတ်ထားသည့် အခွန်အကောက်များကို ဖြေလျော့ပေးရဖို့ ရှိနေကြောင်းလည်း သိရသည်။

Mizzima