ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ

 

နေပြည်တော်၊ မေ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဇွန်ဆိပ်ကျေးရွာအုပ်စု ကန်ဇွန်းအင်းကျေးရွာရှိ ဦးကျော်မိုးနိုင် (ပါတီဝင်) နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကန်ဇွန်းအင်းကျေးရွာ၊ ပုဇွန်ဆိပ်ကျေးရွာ၊ သံပုရာကုန်းကျေးရွာ၊ သူဌေးကုန်းကျေးရွာမှ ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ ပြည်ထောင်စု နယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ဘဏ္ဍာရေးမှူး ဒေါ်သီတာထွေး၊ နေပြည်တော်ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ နယ်မြေတာဝန်ခံ ခရိုင်ကော်မတီဝင် ဦးတင်ဆန်း၊ ခရိုင်ဘဏ္ဍာရေးမှူး ဒေါ်ဖြူဖြူကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုစုပေါင်းပါတီဝင် အင်အား ၃ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ဧည့်စာရင်းဖျက်သိမ်းခြင်းဥပဒေများနှင့်အတူ ယနေ့ ရခိုင်အရေးမှစပြီး NVC ကတ်ပြဿနာများ ထပ်မံ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ သမ္မတအသစ်တက်ပြီးနောက် အမျိုးဇာတ် ပျက်ယွင်းခြင်းမှ ဖျက်သိမ်းသည့် ဥပဒေထုတ်ပြန်ခြင်းသည်လည်း ယခင်အစိုးရက အမျိုးဘာသာအတွက် ဖွဲ့စည်း ရေးဆွဲခဲ့တဲ့ မျိုးစောင့်ဥပဒေတွေကို ဖျက်ဆီးတဲ့သဘော သက်ရောက်ကြောင်း၊ ဘင်္ဂါလီလူမျိုးတွေကိုလည်း ရိုဟင်ဂျာ ဆိုပြီးပြောဆိုနေကြောင်း၊ မိမိတို့နိုင်ငံတွင် ဘယ်တုန်းကမှလည်း ရိုဟင်ဂျာလူမျိုးဆိုတာ မရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်းဆိုပြီး ပြောဆိုသုံးနှုန်းနေတာတွေဟာ ဘယ်လိုမှလက်ခံ နိုင်စရာမရှိ ကြောင်း၊ ပြည်တွင်းရေးဖြစ်တဲ့ ရခိုင်အရေးကိုလည်း ကိုဖီအာနန်ကော်မရှင်ကို ဖိတ်ခေါ်ပြီး ဖြေရှင်းခိုင်းတာတွေဟာ မိမိပြောခဲ့သလို ဓားမိုးပေးတဲ့သေတမ်းစာ တွေဖြစ်သည့်အတွက် ဒီကနေ့ နောက်ဆက်တွဲပြဿနာများစွာနဲ့ ရင်ဆိုင်နေကြရကြောင်း၊ ယခုဖြစ်စဉ်တွေဟာ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှ တစ်ဖက်ပါတီ ထောက်ခံသူ ၁၂ သန်း မဲပေးရွေးချယ်လိုက်တဲ့ ယနေ့အစိုးရရဲ့ လုပ်ဆောင်ချက်များကြောင့် ယခုရလဒ်များ မိမိတို့ပြည်သူတွေ ခံစားနေကြရခြင်းပင်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ပါတီဝင်များက ယနေ့နိုင်ငံရေး၊ စီးပွားရေး၊ စားဝတ်နေရေး အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီးနောက် တွေ့ဆုံပွဲမှာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးခဲ့သည်။ ကန်ဇွန်းအင်းကျေးရွာရှိ ပါတီဝင် ကိုးဦးတို့၏ နေအိမ်များသို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး သက်ကြီးရွယ်အိုများကို ကျန်းမာရေးအထောက် အပံ့များနှင့် အားပေးခဲ့ပြီးနောက် ကျည်တောင်ကန်ကျေးရွာရှိ ပါတီဝင်နေအိမ်များသို့ သွားရောက်တွေ့ဆုံခဲ့ ကြောင်း သိရသည်။

အောင်အောင်