ပျော်ဘွယ်မြို့နယ် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

ပျော်ဘွယ်၊ မေ ၂၃

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် တွင်းရွာအုပ်စု ရုံးကုန်းကျေးရွာ၌ ယနေ့ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

အစီအစဉ်အရ အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးမှ နိုင်ငံတော်အကျိုးနှင့် ဒေသအကျိုးပြုလုပ်ငန်းများအား လွှတ်တော်တွင်း ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြား သည်။

အစီအစဉ်အရပါတီဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ပါတီဝင်များကိုယ်စား ပါတီဝင်များဖြစ်ကြသည့် ဦးမောင်ဇော်နှင့် မဇင်ဇင်နှင်းတို့မှ မိမိတို့၏ အမြင်များအားတင်ပြခဲ့သည်။ ယင်းနောက် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍လည်းကောင်း၊ ပါတီ၏ ဆောင်ရွက်ချက်များအားလည်းကောင်း တက်ရောက်လာကြသည့် ပါတီဝင်သစ်များနှင့် ပါတီဝင်ထုအား အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ပါတီဝင်သစ်များဝင်ရောက်လာသည့် ကျေးရွာအုပ်စုများအလိုက် ပါတီဝင်အဆိုပြုလွှာများအား ပေးအပ်ကြရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ လက်ခံရယူခဲ့သည်။

အစီအစဉ်အရ ပါတီဝင်သစ်များအား ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီအဆင့်ဆင့်တာဝန်ရှိသူများမှ ပါတီရင်ထိုး တံဆိပ်များအား ကိုယ်တိုင်တပ်ဆင်ချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနား အစီအစဉ်အောင်မြင်စွာ ပြီးမြောက် ခဲ့သည်။

အဆိုပါ ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏ မောင်လွင်၊ ပါတီဗဟိုအလုပ်အမှုဆောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးသောင်းအေး၊ ပါတီဗဟိုအတွင်း ရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့် ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် တိုင်း၊ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်သစ်များတက်ရောက်ခဲ့ကြသည်။