မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေး

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ မေလ ၂၂ ရက်နေ့မှာ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး (MACC) ဌာနချုပ်ကို ရောက်လာပြီး စစ်မေးမှုကို ရင်ဆိုင်နေရပါတယ်။

သူ့ဘဏ်စာရင်းထဲကို အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း သံသယဖြစ်ဖွယ် လွှဲပြောင်းမှုကို ရှင်းပြဖို့ MACC က အမိန့်ထုတ်ခဲ့တာပါ။

ဒီငွေတွေဟာ နာဂျစ်အစိုးရ အုပ်ချုပ်မှု သက်တမ်းရဲ့ နောက်ဆုံး ၃ နှစ်မှာ 1MDB လို့ သိကြတဲ့ နိုင်ငံ့ရန်ပုံငွေတွေထဲက တရားမဝင် လွှဲယူခဲ့တဲ့ အမေရိကန်ဒေါ်လာ ဘီလီယံချီတဲ့ ငွေရဲ့ အစိတ်အပိုင်းတွေလို့ သံသယရှိထားပါတယ်။

1MDB အတွက် ကုမ္ပဏီခွဲဟောင်း SRC International ကနေ သတင်းအချက်အလက် အသစ်တွေ ထပ်ရထားလို့ ဒီအရေးနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ဖို့ ဆင့်ခေါ်တာ ဖြစ်တယ်။ ဖမ်းဖို့ မဟုတ်သေးဘူးလို့ MACC ရဲ့ အကြီးအကဲကို ကိုးကားပြီး သည်စထရိတ်တိုင်းမ်စ် သတင်းဌာနက ထုတ်ပြန်ပါတယ်။

သူ့ကိုယ်ပိုင် ဘဏ်စာရင်းထဲက အမေရိကန်ဒေါ်လာ ၆၈၁ သန်းဟာ ဆော်ဒီ တော်ဝင်မိသားစုဝင် တယောက်ဆီက အလှူငွေတွေလို့ နာဂျစ်က ပြောပြီး 1MDB က ငွေတွေဆိုတဲ့ အစီရင်ခံစာကို ပယ်ချခဲ့ဖူးပါတယ်။

ခုတော့ 1MDB ရဲ့ ကုမ္ပဏီခွဲ SRC International ထဲကနေ နာဂျစ်ရဲ့ ဘဏ်စာရင်းထဲကို တိုက်ရိုက်လွှဲထည့်ထားတဲ့ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၆ သန်းကို အာရုံစိုက်ပြီး MACC က ပြန်စစ်ဆေးနေတာပါ။

SRC ကို နိုင်ငံခြားက စွမ်းအင်နဲ့ သယံဇာတကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ 1MDB ရဲ့ လုပ်ငန်းခွဲအဖြစ် နာဂျစ်ရဲ့ အစိုးရလက်ထက် ၂၀၁၁ မှာ ဖန်တီးခဲ့တာပါ။

၂၀၁၂ မှာတော့ ဘဏ္ဍာရေးဝန်ကြီးဌာနဆီ ရွှေ့ပြောင်းခဲ့ပါတယ်။ ဒီကိစ္စဟာ မေလ ၉ ရက် ရွေးကောက်ပွဲမှာ မဲရှင်တွေက သူ့ကို မရွေးတော့တဲ့ အဓိကအကြောင်းရင်းတွေထဲက တခုလည်း ဖြစ်လာပါတယ်။

၂၀၁၅ ခုနှစ်ကနေ ခုထိ နာဂျစ်ကတော့ အမှားမလုပ်ထားဘူးလို့ ငြင်းပါတယ်။ ဒါပေမယ့် သူဟာ ကနဦး စုံစမ်းစစ်ဆေးမှုကို ပိတ်ဆို့ဖို့ ရှေ့နေချုပ်နဲ့ MACC အရာရှိ အတော်များများကို ရာထူးကနေ ဖယ်ထုတ်ခဲ့ပါတယ်။

-Ref; DVB News