ကင်ဂျုံအမ်းနှင့်တွေ့ဆုံမည့် ထိပ်သီးစည်းဝေးပွဲ နှောင့်နှေးနိုင်ဟု ထရမ့်ပြောဆို

ဝါရှင်တန်၊ အမေရိကန်၊ မေ ၂၃

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကင်ဂျုံအမ်းနှင့်အတူ စင်္ကာပူ၌ လာမည့်လတွင် တွေ့ဆုံရန်စီစဉ်ထားသော ထိပ်သီးစည်းဝေးပွဲသည် စီစဉ်ထားသည့်အချိန်အတွင်း ဖြစ်ပေါ်လာနိုင်မည့်ပုံ မပေါ်ကြောင်း အင်္ဂါနေ့ကပြောဆိုခဲ့ သည်။

“ဂျွန်လ ၁၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့စီစဉ်ထားပေမယ့် ဖြစ်ပေါ်လာနိုင်မယ့်ပုံမပေါ်ပါဘူး” ဟု ထရမ့်က ပြောဆိုခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းအနေဖြင့် နျူကလီးယားဖျက်သိမ်းမှု ကိစ္စကို အလေးထားလုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

“စီစဉ်ထားတဲ့အတိုင်း အခုဖြစ်မလာဘူးဆိုရင်လည်း နောက်ပိုင်းမှာတော့ ဆွေးနွေးပွဲဖြစ်လာနိုင်ပါသေးတယ်” ဟု ထရမ့်က အိမ်ဖြူတော်၌ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နှင့်တွေ့ဆုံစဉ်တွင် ပြောဆိုခဲ့သည်။

ဒါ့အပြင် ထရမ့်က မြောက်ကိုရီးယားတို့ဘက်မှ နောက်ဆုတ်မည့် အလားအလာများကို မြင်တွေ့နေရသော်လည်း ကင်ဂျုံအမ်းအနေဖြင့် နျူကလီးယားလက်နက်များကိုစွန့်လွှတ်ဖို့ ဆန္ဒ ရှိနေဆဲဖြစ်သည် ဟု သူယုံကြည်ထားသည် ဟု ပြောဆိုခဲ့သည်။

“သူတကယ်စွန့်လွှတ်မယ်လို့ ကျုပ်ထင်ပါတယ်။ သူ့ဘက်က တကယ့်ကိုစွန့်လွှတ်ဖို့ ဆန္ဒရှိနေတယ်လို့ ကျုပ်ထင်ပါတယ်” ဟု ထရမ့်က ကင်မ်ဂျုံအမ်းအား ချီးကျူးပြောဆိုခဲ့သလို အကယ်၍ သဘောတူညီထားသည့် အတိုင်း အရာအားလုံးဖြစ်လာပါက ကင်မ်အနေဖြင့် အလွန်ပျော်ရွှင်ရမည်ဟုလည်း ပြောဆိုခဲ့သည်။

-Ref; AFP