ချဲလ်ဆီးသူဋ္ဌေးကို ဗြိတိန်က ဗီဇာသက်တမ်းတိုးမပေးသေး

မော်စကို အစိုးရနဲ့ဆက်ဆံရေးခပ်တန်းတန်းဖြစ်နေတဲ့ ဗြိတိသျှအာဏာပိုင်တွေဟာ ချဲလ်ဆီးသူဋ္ဌေး ရိုမန်အေဗရာ မိုဗစ်ရဲ့ ဗီဇာသက်တမ်းတိုးလျှောက်ထားမှုကို ခွင့်ပြုချက်မပေးသေးကြောင်း ယင်းဖြစ်စဉ်နဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်နှစ်ခုက ရိုက်တာသတင်းကို ပြောဆိုခဲ့တယ်လို့  သိရပါတယ်။ မိုဗစ်ရဲ့  ဗြိတိန်ဗီဇာဟာ ပြီးခဲ့တဲ့လက သက်တမ်းကုန်ထားခဲ့တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံက ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးဘောလုံးအသင်းရဲ့ ပိုင်ရှင်အဖြစ် လူသိများတဲ့ အေဘရာမိုဗစ်ဟာ သတ်မှတ်ချက်လုပ်ထုံးလုပ်နည်းနဲ့အညီ သူ့ရဲ့ဗီဇာကို သက်တမ်းတိုးလျှောက်ထားခဲ့ကြောင်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ ဗီဇာသက်တိုးလျှောက်မှုဟာ ပုံမှန်ထက် ပိုကြန့် ကြာနေပေမယ့် ဗီဇာသက်တမ်း တိုးပေးမယ်ဆိုတဲ့ အရိပ်အယောင်မပြသလို၊ ငြင်းပယ်ခြင်း ဒါမှမဟုတ် အနုတ်လက္ခဏာ သဘော အကြောင်းပြန်မှုလည်း မရကြောင်း ၄င်းက ဆက်လက်ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အေဘရာမိုဗစ်ရဲ့  လုပ်ငန်းပိုင်းဆိုင်ရာတွေကို စီမံခန့် ခွဲရတဲ့ Millhouse ကုမ္ပဏီက မှတ်ချက်ပေးဖို့  ငြင်းဆိုခဲ့သလို ဗြိတိန်ရဲ့ ပြည်ထဲရေးရုံးကလည်း တစ်စုံတစ်ရာမှတ်ချက်ပေးခြင်း မရှိခဲ့ပါဘူး။

လန်ဒန်မှာ မှတ်ပုံတင်ထားတဲ့ သံမဏိထုတ်လုပ်ရေးကုမ္ပဏီ Evraz ရဲ့  ပူးတွဲပိုင်ရှင်လည်းဖြစ်သူ အေဘရာမိုဗစ်ဟာ စနေနေ့က လန်ဒန်မှာကစားခဲ့တဲ့ မန်ယူနဲ့ချဲလ်ဆီးတို့ရဲ့ FA ဖလားဗိုလ်လုပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ခြင်း မရှိပါဘူး။ ချဲလ်ဆီးသူဋ္ဌေးဟာ သူ့ဘောလုံးအသင်း အိမ်ကွင်းပွဲစဉ်များစွာအတွက် ဗြိတိန်ကို ပုံမှန် ခရီးထွက်လေ့ ရှိခဲ့သလို ပြီးခဲ့တဲ့ FA ဖလားဖိုင်နယ်ပွဲတွေမှာလည်း ၀င်ဘလေကွင်းကို လာရောက်နိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ က ဗြိတိန်ကနေ ကိုယ်ပိုင်သီးသန့်  ဘိုးရင်း ၇၆၇ လေယာဉ်နဲ့ ထွက်ခွာ သွားခဲ့ပြီးနောက်ပိုင်းကစလို့  ဗြိတိန်ကို ပြန်ရောက်မလာနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အေဘရာမိုဗစ်ရဲ့  ဗီဇာသက်တမ်းတိုးလျှောက်ထားမှုကြန့် ကြာနေခဲ့တာဟာ အင်္ဂလန်မှာ ရုရှားစပိုင်ဟောင်းတစ်ဦး အဆိပ်ခတ်လုပ်ကြံခံခဲ့ရအပြီး နှစ်နိုင်ငံအကြား သံတမန်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေစဉ် ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ အစိုးရရဲ့  စွက်ဖက်မှုတွေကင်းကင်းနဲ့  စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရနေကာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အနီးကပ်ဆက်ဆံရေးရှိနေမှုဟာ မိုဗစ်ကို ဗီဇာသက်တမ်းတိုးမပေးသေးခြင်းရဲ့  အကြောင်းပြချက်ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Reuters,BBC