တူရကီသမ္မတအာဒိုဂန်ကို လုပ်ကြံရန်ကြိုးပမ်းမှုများ ရှိလာနိုင်ကြောင်း ထောက်လှမ်းရေးအဖွဲ့သတိပေး

အခြားနိုင်ငံများသို့ ပြန့်ကျဲထွက်ခွာသွားကြသော တူရကီနိုင်ငံသားများနှင့် အနောက်နိုင်ငံများမှ စစ်ရေး ထောက်လှမ်းသည့်အဖွဲ့များက ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနားသို့ မကြာမီ အလည်အပတ် သွားရောက်မည့် တူရကီသမ္မတ၏ ခရီးစဉ်အတွင်း ၄င်းအား တူရကီနိုင်ငံသားများက လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု ရှိလာနိုင်သည်ဟု သတိပေးခဲ့ကြကြောင်း နိုင်ငံပိုင် အနာဒိုလူ သတင်းအေဂျင်စီက စနေနေ့တွင် သတင်းဖော်ပြခဲ့သည်။
သတင်းပေးခဲ့သည့် မက်ဆီဒိုးနီးယားမှ တူရကီနိုင်ငံသားများသည် နေ့ရက်နှင့် တည်နေရာအပါအဝင် လုပ်ကြံရန် ကြံစည်ကြိုးပမ်းမှုနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကို ဖော်ပြခဲ့ခြင်း မရှိကြောင်း တူရကီ ထောက်လှမ်းရေး သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

သို့သော် အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအေဂျင်စီ များကလည်း သမ္မတ အာဒိုဂန်၏အသက်အား ခြိမ်းခြောက်လာ နိုင်သည့် အ္တရာယ်ကို တူရကီထောက်လှမ်းရေးအဖွဲ့များသို့ သတင်းပေးခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တူရကီထောက်လှမ်းရေး အဖွဲ့က စုံစမ်းစစ်ဆေးမှုများ ထဲထဲဝင်ဝင် ဆောင်ရွက်လျက် ရှိသည်။
လုပ်ကြံသတ်ဖြတ်နိုင်ဖွယ် ခြိမ်းခြောက်မှုအ္တရာယ်များနှင့် ပတ်သက်သည့် သတိပေးချက်များသည် အသစ်အဆန်းမဟုတ် တော့ကြောင်းနှင့် အမြဲပင်ရှိနေခဲ့ကြောင်း တူရကီ ဒုတိယ ဝန်ကြီးချုပ် ဘီကာဘော့ဇဒက်က စနေနေ့နှောင်းပိုင်းတွင် တွစ်တာပေါ်၌ ရေးသားခဲ့ကြောင်း သိရသည်။

သမ္မတအာဒိုဂန်သည် ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနားသို့ တနင်္ဂနွေနေ့တွင် သွားရောက်ရန်စီစဉ်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနားသမ္မတရုံးမှ အကြီးအကဲနှင့် ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ