ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် ၁၀ ပွဲကျော်ကို အခမဲ့ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည်

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရုပ်သံလွှင့်ခြင်းနှင့်ပတ်သက်၍ စကိုင်းနက်က ရှင်းလင်းပွဲအခမ်းအနားကျင်းပနေစဉ်

ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၀ ပွဲကျော်ကို အခမဲ့ရုပ်သံလိုင်းမှ တိုက်ရိုက် ပြသမည်ဖြစ်သည်။

Sky Net ရုပ်သံလိုင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် တရားဝင်ပြသခွင့် ရရှိထားပြီး ဖွင့်ပွဲ၊ ပိတ်ပွဲအပါအ၀င်ပွဲစဉ် ၆၄ ပွဲကို Sky Net Sports 1, Sports 6  နှင့် Sports HD ရုပ်သံလိုင်းတို့၌ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါပွဲစဉ် ၆၄ ပွဲအနက် ပွဲစဉ်အချို့ကို အခမဲ့ရုပ်သံလိုင်း တစ်ခုမှ ပြသရန်ညှိနှိုင်းနေဆဲဖြစ်ကြောင်း  Sky Net ရုပ်သံမီဒီယာဒါရိုက်တာ ဒေါက်တာသိန်းသန်းဦး က ပြောသည်။

‘‘ပြည်သူအားလုံးကြည့်လို့ရ ဖို့အတွက် အခမဲ့ရုပ်သံလိုင်းတစ်ခုကနေ ပွဲစဉ်တချို့ကို ပြသပေးဖို့ စီစဉ်ထားပါတယ်။ ဘယ်ရုပ်သံလိုင်းဖြစ်မလဲဆိုတာတော့ ညှိနေတုန်းမို့ သေချာမှသတင်းထုတ်ပြန်ပေးပါ့မယ်။ ဒီတစ်ပတ်လောက် အတွင်း အပြီးသတ်ညှိနှိုင်းပြီးတာနဲ့ ပြသမည့်ပွဲတွေကိုပါ တစ်ခါ တည်းကြေညာပေးပါ့မယ်’’ ဟု ၎င်းကဆိုသည်။

Sky Net ရုပ်သံလိုင်းအနေဖြင့် ယင်းကဲ့သို့ထုတ်လွှင့်ပြသရာတွင် အခြားနိုင်ငံများကဲ့သို့ ထပ်ဆောင်းအခကြေးငွေ ပေးဆောင်ရန်မလိုဘဲ  ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဒေါက်တာသိန်းသန်းဦးက ပြောသည်။

‘‘စင်ကာပူမှာ ရုပ်သံလိုင်းတွေဆို ကမ္ဘာ့ဖလားကြည့်ဖို့ ၇၉ ဒေါ်လာထပ်ပေးရပါတယ်။ မလေးရှားဆိုလည်း အဲဒီလိုပါပဲ။ ရင်းဂစ် ၁၀၀ ကျော်လောက် သွင်းရပါတယ်။ ကျွန်တော်တို့ကတော့ သီးသန့်အခကြေးငွေပေးဖို့ မလိုပါဘူး’’ ဟု ၎င်းက ဆိုသည်။

၂၀၁၈ ကမ္ဘာ့ဖလားဘော လုံးပြိုင်ပွဲကို ဇွန်လ ၁၄ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ရုရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၃၂ နိုင်ငံမှ လက်ရွေးစင်ဘောလုံးအသင်းများက အုပ်စုရှစ်ခုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်သည်။ 

‘‘အရင်တုန်းကဆို မြန်မာ့အသံကနေ ကမ္ဘာ့ဖလားပွဲတွေ ပြတော့ အခမဲ့ကြည့်လို့ရတယ်။ အခုက Sky Net က ဆိုတော့ ကျွန်တော်တို့လို မတတ်နိုင်တဲ့သူတွေကျ ကြည့်ဖို့ခက်သွားပြီ။  ပွဲတချို့ကို အခမဲ့ရုပ်သံလိုင်းက ပြပေးမယ်ဆိုရင်လည်း ဆီမီးဖိုင်နယ်တို့၊ ဖိုင်နယ်ပွဲတို့လိုပွဲကောင်းတွေ ထည့်ပြပေးစေချင်ပါတယ်’’ ဟု ဘောလုံး ပရိသတ် ကိုအောင်အောင် က ပြောသည်။ 

လေးနှစ်တစ်ကြိမ်ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို Sky Net ရုပ်သံလိုင်းက ၂၀၁၄ တွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုဒုတိယအကြိမ် တရားဝင်ပြသခွင့်ရရှိခြင်းဖြစ်သည်။ 

7Days