စပိန်ဂရင်းပရီဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဟာမီတန် အနိုင်ရဗိုလ်စွဲ

ဘာစီလိုနာမြို့မှာ မေလ(၁၃)ရက်က ကျင်းပတဲ့ စပိန်ဂရင်းပရီ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ မာစီဒီးအသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ လူးဝစ်ဟာမီတန် အနိုင်ရဗိုလ်စွဲသွားပါတယ်။

ဒီပြိုင်ပွဲက(၃၀၇ဒသမ၁၀၄) ကီလိုမီတာအရှည်ရှိတဲ့ ဘာစီလိုနာကားပြိုင်ကွင်းကို (၆၆)ပတ်မောင်းရတာဖြစ်ပြီး ဟာမီတန်က(၁)နာရီ(၃၅)မိနစ်(၂၉ဒသမ၉၇၂)စက္ကန့်နဲ့ ပထမရပါတယ်။

ဟာမီတန်အနေနဲ့ ဒီဘာစီလိုနာဂရင်းပရီမှာ တတိယအကြိမ် အောင်ပွဲခံသွားတာဖြစ်သလို သူ့ပြိုင်ပွဲဝင်သက်တမ်း တစ်လျှောက်မှာတော့ ဂရင်းပရီချန်ပီယံဆုကို (၆၄)ခုမြောက် ရတာဖြစ်ပါတယ်။ ဒုတိယဆုကိုလည်း သူ့မာစီဒီး အသင်းဖော်ဖြစ်တဲ့ ဖင်လန်နိုင်ငံသား ဒရိုင်ဗာဗယ်တာရီဘော့တက်က (၂၀ဒသမ၅၉၃)စက္ကန့်အကွာနဲ့ ရပါတယ်။ ရက်ဘူးအသင်းရဲ့ နယ်သာလန်ဒရိုင်ဗာ မက်ဗာစတက်ပန်ကတော့ (၂၆ဒသမ၈၇၃)စက္ကန့်အကွာနဲ့ တတိယ ရပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်(၂၀)နဲ့ တာထွက်ခဲ့ပေမယ့် ပြိုင်ကား(၁၄)စင်းပဲ ပန်းဝင်နိုင်ခဲ့ပါတယ်။ ဒီနှစ်အတွက် ဂရင်းပရီပွဲစဉ်(၅)ပွဲ အပြီးမှာ လက်ရှိကမ္ဘာ့ချန်ပီယံ ဟာမီတန်ကပဲ(၉၅)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဖာရာရီအသင်းရဲ့ ဂျာမနီဒရိုင်ဗာဆီဘက်တီယန်ဗက်တယ်က (၇၈)မှတ်နဲ့ အနီးဆုံးနေရာမှာ ရှိပါတယ်။ ဒီနှစ်မှာ ဂရင်းပရီပွဲစဉ်(၂၁)ပွဲ ယှဉ်ပြိုင်ရပါမယ်။

-Ref; Sky sports