ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆု နဲ့ LMA အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ လိဂ်မန်နေဂျာများအစည်းအရုံးက ပေးအပ်တဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အမှတ် (၁၀၀) အပြည့် ရရှိပြီးတော့ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးတော့ သွင်းဂိုးစုစုပေါင်း (၁၀၆) ဂိုးထိ သွင်းယူနိုင်အောင် မန်စီးတီးကို ဦးဆောင်နိုင်ခဲ့ပြီး ဂွာဒီယိုလာဟာ အဆိုပါဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြဆုကိုလည်း ဆွတ်ခူးခဲ့ပြီး ဆု(၂)ခု လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ဒီဆုအတွက် နည်းပြငါးဦးနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးတော့ ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်၊ ဘန်လေနည်းပြ ရှောင်ဒိုက်၊ ၀ုလ်နည်းပြ အက်စ်ပက်ရီတို ဆန်းတို့စ်၊ ကာဒစ်နည်းပြ နေးလ်ဝါးနော့၊ အက်ခရင်းတန် စတန်လေ အသင်းနည်းပြ ဂျွန်ကိုးမန်းတို့နဲ့ ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနည်းပြအဖြစ် ဂွာဒီယိုလာက ရွေးချယ်ခံခဲ့ရပြီး ချန်ပီယံရှစ်ရဲ့ အကောင်းဆုံး နည်းပြအဖြစ် ၀ုဗ်နည်းပြ ဆန်းတို့စ်က ရွေးချယ်ခံခဲ့ရပါတယ်။ ရှရူးဘူရီနည်းပြ ပေါလ်ဟာ့စ်ကတော့ လိဂ်ဝမ်းရဲ့ အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခံခဲ့ရပြီး အက်ခရင်းတန် စတန်လေနည်းပြ ကိုးမန်းက လိဂ်တူးရဲ့ အကောင်းဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ နည်းပြဟောင်းဖြစ်ခဲ့သူ ဂွာဒီယိုလာအတွက်တော့ မန်စီးတီးအသင်းကို စံချိန်သစ် အများအပြားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက်မှာ လိဂ်မန်နေဂျာများ အစည်းအရုံးက ပေးအပ်တဲ့ ဆုကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုအတွက်တော့ ဂွာဒီယိုလာဟာ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီဆုရရှိခဲ့တဲ့အတွက် ဂွာဒီယိုလာက ကျေးဇူးတင်စကား ပြောကြားခဲ့ရာမှာ ကျန်းမာရေးဆိုးရွားမှုကြောင့် ဆေးကုသမှု ခံယူနေရတဲ့ ဆာအဲလက်စ်ဖာဂူဆန်အတွက် ကျေးဇူးတင်စကားလည်း ပြောဆိုခဲ့ပြီး ဒီဆုကို ဖာဂီအတွက်လည်း ဝေမျှပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လုပ်ဖော်ကိုင်ဖက်တွေ ရွေးချယ်တဲ့ အတွက်ကြောင့် ရရှိခဲ့တာလို့ ပြောဆိုခဲ့ပြီး ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ 

Source : BBC