NCA လမ်းကြောင်းပေါ် ကေအိုင်အေတက်မလာပါက အစွမ်းကုန်ရှင်းမည်ဟု မြောက်ပိုင်းတိုင်းတိုင်းမှူးသစ်ပြော

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ် တက်မလာပါက နိုင်ငံတော်အစိုးရကို လက်နက်ကိုင် တော်လှန် ပုန်ကန်နေသူများအဖြစ် သတ်မှတ်၍ အစွမ်းကုန်ရှင်းမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တေဇကျော်က ပြောကြား သည်။ 

တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားရာ တနိုင်းမြို့နယ် အောင်လော့ဒ်ဒေသ အပါအ၀င်ကချင်ပြည်နယ်သို့  သွားရောက်ခဲ့သည့် သတင်းမီဒီယာအဖွဲ့သည် မေလ ၁၁ရက်တွင်မကြာသေးမီက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသူဗိုလ်ချုပ်တေဇကျော်အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ တိုင်းမှူးက ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေ၊ စစ်ဘေးရှောင်များ အရေးကိစ္စ များနှင့်ပတ်သက်ပြီး ဖြေကြားချက်များကို နိုင်ငံပိုင်သတင်းစာ များတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

‘‘ကျွန်တော်တို့ကတော့ပြောထားပြီးသား၊ ဒီနေရာကိုတည် ငြိမ်အေးချမ်းပြီး တရားဥပဒေစိုး မိုးမှုရှိအောင် လုပ်မယ်၊ ဒီတော့ ဒါကို တားဆီးနေတဲ့ ဥစ္စာဆိုရင်တော့ ဖယ်ထုတ်ရမှာပဲ၊ ပုံမှန် အတိုင်းဖြစ်လာဖို့ KIA က NCAလမ်း ကြောင်းပေါ် တက်လာမှပဲရမယ်၊ တက်မလာဘူးဆိုရင် နိုင်ငံတော် အစိုးရကို လက်နက်ကိုင်ပြီးတော်လှန်ပုန်ကန် နေသူတွေအဖြစ် သတ်မှတ်ပြီး အစွမ်းကုန် ရှင်းမှာ ပဲ’’ ဟု ဗိုလ်ချုပ်တေဇကျော်က ပြောသည်။  ကချင်ပြည်နယ် အတွင်း စစ်ဆင်ရေး ဆောင်ရွက်ခြင်းသည် နယ်မြေထိန်းသိမ်းသည့် သဘောဖြင့် ရှင်းလင်းခြင်းဖြစ်သည်ဟု တိုင်းမှူး က ပြောသည်။

‘‘KIA အနေနဲ့ တနိုင်းဘက်မှာ ကျွန်တော်တို့ပုံမှန်အုပ်ချုပ်မှု လုပ်နေတဲ့တပ်ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တဲ့ အတွက် ကျွန်တော်တို့စစ်သည်တွေ ထိခိုက်ဒဏ်ရာရလာတာတွေရှိလာလို့ ကျွန်တော် တို့နယ်မြေရှင်းလင်းမှု  လုပ်ပါတယ်၊ အလားတူ ကဆုန့်ဘက်မှာလည်း နမ္မတီး၊ မိုးကောင်း၊ မိုးညှင်းဘက်နေရာတွေမှာ ၀င်ပြီးတော့ သူတို့တွေဆက် ကြေးကောက်တယ်၊ လူတွေအတင်း အဓမ္မဖမ်းဆီးတယ်၊ တိုက်ခိုက်မှုအားလုံးက KIA  အဖွဲ့အ နေနဲ့စတင်ပြီး တိုက်ခိုက်လို့ ကျွန် တော်တို့က တုံ့ပြန်ပြီး ရှင်းလင်း တာဖြစ်ပါတယ်၊ စစ်ရဲ့သဘောသဘာဝက ပြန်လည်မတုံ့ပြန် နိုင်အောင် အတွင်းထဲအထိ ရှင်း လင်းရတာရှိပါတယ်’’ ဟု ၎င်းက ဆိုသည်။ 

ထိုသို့ ရှင်းလင်းရာတွင် အ ရပ်သားထိခိုက်ဒဏ်ရာရကြောင်း နှင့် အောင်လော့ဒ်ရွာသား တစ်ဦး  သေဆုံးသည်ဟု ပြောဆိုမှုများ ရှိ ကြောင်း၊ သေဆုံးသူသည် KIA တပ်မဟာ (၂)စခန်းထဲ၌ ရှိနေသူဖြစ်ကြောင်းတိုင်းမှူးက ပြော သည်။  စစ်ဆင်ရေးကာလအတွင်း စစ်သဘော သဘာဝအရ ရန်သူကို သာလွန်အင်အားဖြင့်တိုက်ရ မည်ဖြစ်၍ လေကြောင်းတိုက် ခိုက်မှုပြုလုပ်သော်လည်း  နည်းပညာအသုံးပြုကာ တိုက်ခိုက်ခြင်း ဖြစ်သဖြင့် ရန်သူ့စခန်းကိုသာ အတိအကျတိုက်ခိုက်ခဲ့သည်ဟု တိုင်းမှူးက ရှင်းပြသည်။ 

‘‘ရွာတွေကို ကျွန်တော်တို့ အကုန်ရှောင်တယ်၊ ရန်သူလား၊  ကျေးရွာလား မသေချာရင် ကျွန်တော်တို့ လုံးဝ မပစ်ဘူး။ ရန်သူရှိနိုင်တယ်ဆိုပြီး ကျွန်တော်တို့ လုံးဝမပစ်ဘူး၊ သေချာမှတိုက်တယ်၊  မသေချာရင်လုံးဝမတိုက်ဘူး’’ ဟု ၎င်းကပြောသည်။  အောင်လော့ဒ် ကျေးရွာသည် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာအတွင်း လုံးဝမရှိဘဲ KIA တရားစီရင်သည့်တရားရုံး၊ ပညာရေးရုံးတို့ဖြင့် ဆောင်ရွက်နေကြောင်း တိုင်းမှူးကရှင်းပြသည်။  ‘‘ကျွန်တော်တို့ မူလရည်ရွယ်ချက်က နိုင်ငံတော်အတွင်းမှာ တည်ငြိမ်းအေးချမ်းဖို့၊ တရားဥပဒေ စိုးမိုးမှုရှိဖို့တို့ရှိရမယ်၊ နိုင်ငံတော် အစိုးရရဲ့ အာဏာစက်ဟာ  သက်ရောက်ရမယ်’’ ဟု ၎င်းက ပြောသည်။ 

တိုက်ပွဲရှောင်ရွာသားများအနေဖြင့် KIA နှင့်ဆက်နွှယ် မှုမရှိပါက အရေးယူမည်မဟုတ် ကြောင်း တိုင်းမှူးက ပြောသည်။  ‘‘KIA ကိုသတင်းပေးနေမယ်၊ ဒါမှမဟုတ် KIA ကရွာသား  အယောင် ဆောင်မယ်၊ မြို့ပေါ် တက်လာ မယ်၊ သတင်းပေးမယ်၊ ဒါကိုသိရင်တော့ ကျွန်တော်တို့ အရေးယူမယ်၊ တချို့ဘာသာရေး  အဖွဲ့တွေရှိတယ်။ KIA ဆီသွားတွေ့တယ်၊ ပြီးရင်ပြန်လာတယ်၊  ရည်ရွယ်ချက်နဲ့သွားတာ၊ သူတို့ ပြောတာတွေမှာလည်း ရည်ရွယ်ချက် တွေပါတယ်၊ ဒီလိုဆိုရင်တော့ ကျွန်တော်တို့အရေးယူမယ်၊ နိုင်ငံတော်မှာ ဥပဒေကတစ်ခုပဲရှိတယ်၊ စစ်သားပဲ ဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ်၊ ဘာသာရေး အဖွဲ့အစည်းပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ဥပဒေကို လိုက်နာရမယ်’’ ဟု တိုင်းမှူးကပြောသည်။  KIA အဖွဲ့သည် ဘာသာရေး အဖွဲ့အစည်းအချို့နှင့် ဆက်နွှယ် မှုရှိနေပြီး တပ်မတော် အနေဖြင့် သက်သေ အထောက်အထားများ လည်း ရရှိထားကြောင်း ၎င်းကဆို သည်။ 

‘‘ဥပမာ-အောင်လော့ဒ်ဆို ရင်ရွားသားတွေဝင်လာပြီးတော့ တနိုင်းကို သတင်းပို့တယ်၊အောင် လော့ဒ်မှာ ပျက်စီးမှု မရှိဘူးဆိုတာ  အခုရောက်ခဲ့တဲ့ သတင်းသမား တွေအသိပဲ၊ ဖျက်ဆီးထားတာ လည်းမရှိဘူး၊ တိုက်ပွဲဖြစ်တဲ့ အခါမှာတောင် ကျွန်တော်တို့က ရွာထဲကိုလုံးဝမပစ်ဘဲရန်သူ့နယ် မြေနဲ့စခန်းကိုပဲကန့်သတ်ပြီးပစ်တာ၊ ဘာမှ ပျက်စီး တာမရှိတဲ့အတွက် တနိုင်းက RC ဘုန်းတော်ကြီးက သူတို့ကိုယ်တိုင်လိုက်မယ်၊  ရွာသားတွေ နေရအောင် လုပ်ပေး ပါမယ်ဆိုပြီး သူတို့ပါ ပူးပေါင်းဆောင်ရွက်တာတွေ့ရတယ်၊ ဒါပေမဲ့ နောက်ထပ်ဘာသာရေးအဖွဲ့တစ်ဖွဲ့ ထပ်ဝင် လာတော့ကျေးရွာသူ၊ ကျေးရွားသားတွေက မလိုက်တော့ဘူး၊ ဒါနဲ့ရွာသားတွေ အမှန်တကယ်နေလို့ရ၊ မရ ပြည်နယ်အစိုးရအဖွဲ့က သွားကြည့်တဲ့ အခါလမ်းမှာပြည်နယ်အစိုးရ အဖွဲ့ကားကို သေနတ်နဲ့ပစ်တယ်၊ ပစ်ပြီး သွားတဲ့အခါမှာ သူမပစ်ပါ ဘူးငြင်းတယ်’’ ဟု တိုင်းမှူးက ပြောသည်။ 

မြောက်ပိုင်းတိုင်း တိုင်းမှူး ၏ပြောဆိုချက်နှင့်ပတ်သက်၍ KIO ဆက်ဆံရေးရုံးရှိ နည်းပညာအထောက်အကူပြု အကြံပေးအဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦး ဒေါင်ခါးက တပ်မတော်အနေဖြင့် အကောင်းမြင်သည့် တွေးခေါ်စဉ်း စားမှုမျိုးရှိစေချင်သည်ဟု တုံ့ပြန်သည်။  ‘‘NCA လက်မှတ်ထိုးဖို့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားတယ် ဆိုတဲ့ ဟာလည်းသူတို့ပဲပြောတာ ပဲ’’ ဟု ၎င်းကဆိုသည်။  NCA လက်မှတ်မထိုးရသေး သည့်တိုင် တံခါးဖွင့်ထားသည် ဆိုသည့် အစီအစဉ်ကိုခိုင်မာစွာ  ဆက်လက်ထိန်းသိမ်းမည် ဆိုပါက နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့် စာချုပ်စာတမ်းများအပေါ် အခြေခံ၍ ဆက်လက်ဆွေးနွေးကာ အားလုံးလက်ခံနိုင်သည့် လမ်းကြောင်းသို့ သွားပါက သေ ကျေပျက်စီးပျက်သုဉ်းခြင်းမျိုးရှိ တော့မည်မဟုတ်ဟု  ဦးဒေါင်ခါးကဆိုသည်။