MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် အောင်လနှင့် ဘရာဇီးနိုင်ငံသား လီအန်ဒရို ယှဉ်ပြိုင်မည်

MMA (One Championship) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံသား လီအန်ဒရိုတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါပွဲကို ရန်ကုန်မြို့ ၌ ဇွန်လအတွင်း ကျင်းပမည်ဖြစ်သည်။

‘‘ကျွန်တော့်အနေနဲ့ ကမ္ဘာ့ချန်ပီယံဆီက ခါးပတ်ကို လွှဲပြောင်းရယူနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ကျွန်တော်အကောင်းဆုံး ပြင်ဆင်ပြီးမှ ပြိုင်ပွဲကို ယှဉ်ပြိုင်မှာပါ။ ကျွန်တော့်အိပ်မက်က ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ပါပဲ’’ ဟု လီအန်ဒရိုက ပြောသည်။

မေလ ၁၂ ရက်က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် One Championship ပြိုင်ပွဲ၌ မစ်ဒယ်ဝိတ်တန်းအဖြစ် ရုရှားနိုင်ငံသား ဘစ်တာလီဘစ်ဒက်ရှ်နှင့် ဘရာဇီးနိုင်ငံသား လီအန်ဒရိုတို့ ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပွဲတွင် အနိုင်ရရှိ သူက လက်ရှိ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအောင်လအန် ဆန်ကို စိန်ခေါ်ခွင့်ရရှိပြီး  ယင်းပွဲ၌ လီအန်ဒရို အနိုင်ရခဲ့သည်။

ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်ခွင့်ရမည်ဖြစ်သဖြင့် ဘစ်တာလီဘစ် ဒက်ရှ်နှင့် လီအန်ဒရိုတို့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ဘစ်ဒက်ရှ်က ပထမအချီတွင် အသာစီးရရှိသော်လည်း ဒုတိယအချီတွင် လီအန်ဒရိုက ပြန်လည်အသာစီးရယူ နိုင်ကာ လီအန်ဒရို၏ လက်သီးချက်များကြောင့် ဘစ်ဒက်ရှ် ရှုံးနိမ့်ခဲ့သည်။

လက်ရှိတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေသည့် အောင်လသည် ဇွန်လအတွင်း ကျင်းပမည့် ချန်ပီယံကာကွယ်ပွဲအတွက် ဧပြီလ လယ်ကစတင် လေ့ကျင့်နေပြီး ကမ္ဘာ့ချန်ပီယံနှစ်ခု စလုံးကို ကာ ကွယ်နိုင်ရန် ပြင်ဆင်နေသည်။

၎င်းသည် MMA ပြိုင်ပွဲတစ်လျှောက် ၃၂ ပွဲ ယှဉ်ပြိုင်ထားပြီး ၂၂ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားကာ MMA ပြိုင်ပွဲ တစ်လျှောက် ဝိတ်တန်းနှစ်ခု၌  ရွှေခါးပတ်နှစ်ခုရရှိသည့် ဒုတိယမြောက် ကစားသမားအဖြစ် ရပ်တည်နေသည်။

7Days