မြောက်ပိုင်းဒေသ စစ်ရေးပဋိပက္ခနှင့် ပတ်သက်၍ အပစ်အခတ် ချက်ချင်းရပ်စဲရန် တရုတ်သံရုံးထုတ်ပြန်

တရုတ် – မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ဖျက်ဆီးသော အပြုအမူများနှင့် မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တမင်သက်သက် နှောင့်ယှက်သော အပြုအမူများကို ပြတ်ပြတ် သားသား ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက မေလ ၁၃ ရက်တွင်ကြေညာချက်ထုတ်ပြန်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တွင် မေလ ၁၂ ရက်က ရဲကင်းစခန်းနှင့် ပြည်သူ့စစ်များကို တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)က ဝင်ရောက် တိုက်ခိုက်ရာအရပ်သားများအပါအဝင်လူ ၁၉ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်သံရုံး က ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

ကြေညာချက်မူရင်း ဖော်ပြချက်အရ သက်ဆိုင်ရာ အဘက်ဘက်များသည် ညှိနှိုင်းဖလှယ်ခြင်း၊ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ခြင်း၊ တူညီသောဦးတည်ချက်သို့ ချီတက်ခြင်းများ အကောင်အထည် ဖော်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပြုသဘောဆောင်ရွက်ရန် တရုတ် သံရုံးက မေတ္တာရပ်ခံသည်။

မေလ ၁၂ ရက်က ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံသားများ အထိအခိုက်အကျအဆုံးရှိခဲ့ပြီး အရပ်သူအရပ်သားများ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံအတွင်းသို့ ကျည်ကျရောက်မှုရှိကြောင်း ကြေညာချက်တွင်ပါရှိပြီး ယင်းအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချသည်ဟု ဖော်ပြထား သည်။ အရပ်သားများ အပြစ်မရှိဘဲ သေဆုံးခြင်းအတွက် ဝမ်းနည်း ကြောင်းလည်း တရုတ်သံရုံးက ကြေညာသည်။

‘တရုတ်ဘက်သည် မြန်မာနိုင်ငံသက်ဆိုင်ရာကို တည်ကြည်လေးနက်စွာ ဆက်စပ်ညှိနှိုင်းပြီး စစ်ရေးပဋိပက္ခနှင့် သက်ဆိုင်သည့် အဘက်ဘက်များသည် ချုပ်တည်းခြင်းကို ထိန်းသိမ်း၍ အပစ်အခတ် ချက်ချင်းရပ်စဲကြောင်း၊ အဘက်ဘက်သည် စစ်ရေးပဋိပက္ခကြီးကျယ်လာမှုကို ရှောင်ရှားရန် ထိရောက်တိကျသော ဆောင်ရွက်ချက်ကို လုပ်ကိုင်ဆောင်ရွက်ကြောင်း၊ တရုတ်- မြန်မာနယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို မြန်နိုင်သလောက် ပြန်လည် ရရှိပြီး တရုတ်နယ်စပ်ဒေသ အရပ်သားများ၏ အသက်၊ ဘဝနှင့် ဥစ္စာဓနလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ကြောင်း စသည်တို့ကို တောင်းဆိုပါသည်’ဟု တရုတ်သံရုံး၏ ကြေညာချက်၌ ပါရှိသည်။

မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံ ညီလာခံ အာရုံစိုက်ပြင်ဆင်နေမှုကို တရုတ်ဘက် ကလည်း မြန်မာဘက်၏ လိုအပ်ချက်နှင့်အညီ တက်ကြွစွာ ကူညီထောက်ပံ့နေသည်ဟု ထုတ်ပြန်ချက်ကဆို သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လက်မှတ်ထိုးရန် ကျန်နေသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အများစုသည် မြန်မာ-တရုတ် နယ်စပ်၌ အခြေပြု လှုပ်ရှားနေသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’အဖွဲ့ (UWSA) နှင့် ကချင် အဖွဲ့ (KIA)ဦးဆောင်သော မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ သည် အစိုးရနှင့် တပ်မတော် က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လမ်းကြောင်းဖြစ် သော NCA တွင် ပါဝင်လက်မှတ်ထိုးရန် ငြင်းဆန်ထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့် မြောက်ပိုင်း အဖွဲ့များ အကြား တွေ့ဆုံညှိနှိုင်းနိုင်ရေး တရုတ်ဘက်က ကူညီဆောင်ရွက်နေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များအား တွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်နေသည်။ တရုတ်နိုင်ငံအနေဖြင့် တစ်ဖက်က မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကူညီဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း လက်နက်ကိုင်အဖွဲ့များ အင်အားကြီးမားလာခြင်းသည် တရုတ် ၏ ကူညီမှုကြောင့်ဟု ပြောဆိုမှုများရှိသည်။

တရုတ်သံရုံး၏ ကြေညာချက်၌ပါရှိသော မေလ ၁၂ ရက် မူဆယ် ဖြစ်စဉ်တွင် တရုတ်ဘက်သို့ ကျည်ကျရောက် သည်ဆိုသည့် အချက်နှင့်အပစ်အခတ် ချက်ချင်းရပ်စဲရန် တောင်းဆိုချက်များနှင့် ပတ်သက်၍ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ ဆက်သွယ်ရာ ၎င်းအနေဖြင့် မသိရသေး၍ မှတ်ချက်မပေးလိုသေးကြောင်း ဖြေကြား သည်။