ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆာလက်ရရှိ

လီဗာပူးတိုက်စစ်မှူး ဆာလက်သည် မန်ယူဂိုးသမားဒီဂီယာ၊ စပါးမှ ဟယ်ရီကိန်း၊ ဘန်လေမှ တာကောစကီး၊ မန်စီးတီးမှ ကီဗင်ဒီဘရိုင်နှင့် စတာလင်တို့ကို ကျော်ဖြတ်၍ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ဘောလုံး သမားဆုကို ပထမဆုံး ရရှိခဲ့သည်။

လီဗာပူး၌ ပွဲဦးထွက်ရာသီတွင် ခြေစွမ်းပြနေသူ ဆာလက် သည် ပရော်ဖက်ရှင်နယ်ကစားသမားများ အစည်းအရုံးက ပေးအပ်သော တစ်နှစ်တာအကောင်းဆုံးကစားသမားဆု (PFA)၊ အား ကစားကလောင်ရှင်များမှ ပေးအပ်သော တစ်နှစ်တာအကောင်း ဆုံးကစားသမားဆု (FWA) နှင့် လီဗာပူးတစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုတို့ကို သိမ်းပိုက်ထားသည်။

ယခုရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၄၃ ဂိုးသွင်းယူထားသော ဆာလက်သည် လိဂ် ၃၅ ပွဲကစား ရာတွင် ၃၁ ဂိုး သွင်ယူထားသဖြင့် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိရန် နီးစပ်နေသည်။

‘‘ဒီဆုကို ရရှိတာက ဂုဏ်ပြုမှုတစ်ပါ။ ကျွန်တော်သိပ်ပျော်ရွှင်မိပါတယ်’’ ဟု ဆုလက်ခံပြီးနောက် ဆာလက်က ပြောသည်။

ဆာလက်သည် မိုက်ကယ်အိုဝင်နှင့် ဆွာရက်ဇ်နောက်ပိုင်း ယခုဆုကို ဆွတ်ခူးသော ပထမဆုံး လီဗာပူးကစား သမား ဖြစ်လာသည်။

ထိုအတောအတွင်း စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ထိန်းသိမ်းရေးထက် အသင်းအတွက် ပုံမှန်ဂိုးသွင်းနိုင်ခြင်းက ပိုအရေးကြီးကြောင်း အခိုင်အမာပြောကြားသည်။

ဟယ်ရီကိန်းသည် ရွှေဖိနပ်ဆုကို ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ဘောလုံးရာသီ နှစ်ကြိမ်ဆက် တိုက်ရရှိခဲ့သည်။

‘‘ရွှေဖိနပ်ဆုကို ဆက်ပြီးတော့ ထိန်းသိမ်းထားချင်တယ်ဆိုတာ သိပ်ဟုတ်တာပေါ့။ ဒါပေမဲ့ ခြေစွမ်း တစ်သမတ်တည်း ရှိပြီး ပုံမှန်ဂိုးသွင်းနိုင်ဖို့က ကျွန်တော့် အတွက် ပိုအရေးကြီးပါတယ်။ ဆာလက်က တကယ်ကောင်းမွန်တဲ့ နှစ်ကို ပိုင်ဆိုင်ခဲ့ပါတယ်’’ ဟု ဟယ်ရီကိန်းက ပြောသည်။

ဟယ်ရီကိန်းသည် စပါးအတွက် ပြိုင်ပွဲစုံ ၂၁၂ ပွဲကစားပြီး ၁၃၈ ဂိုးသွင်းယူထားကာ ၂၂ ကြိမ်ဖန်တီးထားသည်။

—Ref:AFP/Sportsmole.co.uk