NCA လက်မှတ်ထိုးခေါင်းဆောင်များ အစည်းအဝေးတွင် အစိုးရနှင့် တွေ့ဆုံမည့်ကိစ္စ အဓိကဆွေးနွေး
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသတောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် မေလလယ်၌ အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမည့်ကိစ္စကို အဓိကအချက်အနေဖြင့် ဆွေးနွေးနေကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
PPST အစည်းအဝေးကို မေလ ၉ ရက်က စတင်ပြီး ထိုင်း နိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေကာ ဆွေးနွေးပွဲကို မူလက မေလ ၁၀ ရက်အထိကျင်းပရန် စီစဉ်ထားသော်လည်း ဆွေးနွေးမှုများ မပြီးပြတ်၍ မေလ ၁၁ ရက်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ ‘‘ကျွန်တော်တို့ညှိနှိုင်းဆွေး နွေး၊ညှိနှိုင်းအဖြေရှာ လုပ်နေတာ နှစ်ရက်ကြာသွားပြီ။ ဘာတွေလဲဆိုတော့ မေလကုန်မှာလုပ်မယ့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကိစ္စပေါ့။ အဲဒါပါပဲ။ ဒီကြားထဲမှာ အလွတ်သဘောတွေဖို့ အစိုးရဘက်က ၁၄ ရက်နဲ့ ၁၅ ရက် ကျွန်တော်တို့ချိန်းတဲ့အတိုင်း ပြန်ပြီးကမ်းလှမ်း လာတော့ အဲဒါတွေ တိုင်ပင်နေကြတာပေါ့’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
PPST အစည်းအဝေးတွင် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်မည့်ရက် ကိစ္စ၊ ဧပြီအတွင်းက အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့များအကြား နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးထားမှု ကိစ္စနှင့်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၊ လူထုတွေ့ဆုံဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် ကိစ္စတို့ကို အဓိကဆွေးနွေးမည် ဖြစ်ကြောင်း အပစ်ရပ်အဖွဲ့များ၏ NCA-S EAO Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
၂၀၁၅ တွင် တိုင်းရင်းသား အဖွဲ့ ရှစ်ဖွဲ့ NCA လက်မှတ်ရေးထိုးပြီး ယခုနှစ်ဖေဖော်ဝါရီ၌ မွန်နှင့် လားဟူအဖွဲ့တို့ NCA လက်မှတ်ထိုးရာစုစုပေါင်း အပစ်ရပ် လက်မှတ်ထိုးအဖွဲ့ ၁၀ ဖွဲ့ရှိသည်။ ယင်းတို့သည် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရစ်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေ စီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ KNU/KNLA- ငြိမ်းချမ်းရေးကောင်စီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ်သည်။