ထရမ့်နှင့် ကင်မ်ဂျုံအမ်းတို့၏ သမိုင်းဝင်တွေ့ဆုံပွဲကို စင်္ကာပူ၌ ဇွန်လ ၁၂ရက်နေ့ ကျင်းပမည်ဟုကြေညာ

ဝါရှင်တန်၊ အမေရိကန်၊ မေ ၁၁

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးခေါင်းဆောင်ကင်မ်ဂျုံအမ်းနှင့် သူ၏ သမိုင်းဝင်တွေ့ဆုံ   ဆွေးနွေးပွဲကို   နှစ်နိုင်ငံစလုံးနှင့်ကောင်းမွန်သော ဆက်ဆံရေးရှိသည့် စင်္ကာပူနိုင်ငံ၌ လာမည့်ဇွန်လ ၁၂ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

ထရမ့်အနေဖြင့် အမေရိကန်အကျဉ်းသား ၃ ဦးကို မြောက်ကိုရီးယားတို့ဘက်မှ ပြန်လွှတ်ပေးမှုအား လက်ခံကြို  ဆိုသည်ဟု ပြောဆိုခဲ့အပြီး နာရီပိုင်းအကြာတွင် သမိုင်းဝင်စည်းဝေးပွဲကျင်းပမည့် အချိန်နှင့်နေရာကိုပါ တွစ်တာမှ တဆင့် ဆက်လက်ကြေညာခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကျုပ်တို့နှစ်ဦးစလုံးဟာ ထူးခြားကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ဖန်တီးသွားမှာ ဖြစ်ပါတယ်” ဟု ထရမ့်က သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးမှုမှာ တစ်ရက်ခန့်ကြာမြင့်မည်ဖြစ်ပြီး မြောက်ကိုရီးယားတို့၏ ထပ်ခါတလဲလဲပြုလုပ်လျက် ရှိသော နျူကလီးယားနှင့် ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုများကို အဓိကထား၍ ဆွေးနွေးမည်ဟု သိရသည်။

“ဒါဟာ ကြီးမားတဲ့အောင်မြင်မှုကြီးဖြစ်လိမ့်မယ်လို့ ကျုပ်ထင်ပါတယ်” ဟု ထရမ့်က အင်ဒီယားနားပြည်နယ်၌ ပြုလုပ်သော နိုင်ငံရေးလူထုစည်းဝေးပွဲသို့ တက်ရောက်ရန်အတွက် Air Force One လေယာဉ်ပေါ်၌ နေရာယူ နေစဉ်တွင် ပြောဆိုခဲ့သည်။

အမေရိကန်အရာရှိများက မြောက်ကိုရီးယားတို့ဘက်မှ အမေရိကန်နိုင်ငံသားများဖြစ်သော ကင်မ်ဟတ်ဆောင်၊ တိုနီကင်မ်နှင့် ကင်မ်ဒေါင်ချူလ်တို့အား ပြန်လွှတ်ပေးမှုသည် ထိပ်သီးစည်းဝေးပွဲ၌   ဖြစ်ပေါ်လာနိုင်သော အနှောင့် အယှက်များကို ဖယ်ရှားလိုက်ခြင်းဖြစ်သလို ဒေါ်နယ်ထရမ့်၏ နည်းလမ်းနှစ်သွယ်ဖြစ်သော စေ့စပ်ဆွေးနွေးမှု ဗျူဟာနှင့် အပြင်းထန်ဆုံးဖိအားပေးမှုဗျူဟာတို့သည် အလုပ်ဖြစ်သည်ကို ပြသလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ သည်။

သမိုင်းဝင်ထိပ်သီးစည်းဝေးပွဲကျင်းပမည့်နေရာအဖြစ် လူဦးရေ ၅.၆သန်းရှိသော အရှေ့တောင်အာရှနိုင်ငံဖြစ် သည့် စင်္ကာပူနိုင်ငံအားရွေးချယ်ခဲ့ခြင်းမှာ လုံခြုံရေး လုပ်ထုံး လုပ်နည်းများကြောင့် ဖြစ်သည့်အပြင် စင်္ကာပူသည် ထိပ်သီးစည်းဝေးပွဲများ ကျင်းပရာတွင် အတွေ့အကြုံများစွာရှိသည့် နိုင်ငံတစ်ခုဖြစ်သောကြောင့် ဖြစ်ကြောင်း အမေရိကန်အရာရှိများက ရှင်းလင်း ပြောဆိုခဲ့သည်။ 

-Ref; AFP